Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တွေ့ဆုံ၊ နှစ်နိုင်ငံ သဘောတူစာချုပ် ၅ ခု ချုပ်ဆို
DVB
·
May 17, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့  မေလ ၁၆ ရက် ညနေက   တရုတ်ပြည်သူ့ခန်းမမှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အခြေခံကာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်တွေအကြား ချစ်ကြည်ရေးခရီးတွေ အပြန်အလှန် လည်ပတ်သွားလာရေး၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဖော်ဆောင်ရေးနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေကိစ္စ၊ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့  ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပမယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့ မွန်းလွဲပိုင်းက  တရုတ်ဝန်ကြီးချုပ် လီခချန်းနဲ့လည်း သီးခြားတွေ့ဆုံပြီး မြန်မာ-တရုတ် နှစနိုင်ငံ သဘောတူ စာချုပ်  ၅ စောင် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။ နှစနိုင်ငံ သဘောတူ စာချုပ်တွေထဲမှာ  “စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် စာချုပ်”၊ “မြန်မာ- တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူစာချုပ်”၊ “စီးပွားရေး ပိုးလမ်းမ ရပ်ဝန်းတခုနှင့် ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ ရပ်ဝန်းတခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်”၊ “ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်”နှင့် “ငလျင်အလွန် ပုဂံရှိ သမိုင်းဝင် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်”တွေ ပါဝင်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဖွဲ့ဝင်တွေဟာ  ပေကျင်းမြို့ရှိ Anzhen ဆေးရုံကို သွားရောက်ပြီးလည်း  မြန်မာနိုင်ငံမှ နှလုံးရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေကို   ခွဲစိတ်ကုသမှု အခြေအနေတွေကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ပေကျင်းမြို့မှာ မြန်မာနိုင်ငံက  မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ၁၂ ဦး ရောက်ရှိ ဆေးဝါးကုသမှု ခံယူနေရာမှာ ဝေဒနာရှင် ကလေးငယ် ၈ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးပြီး ဖြစ်တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- ပြန်/ဆက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024