လာမည့် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လိုငွေ ကျပ်ငွေ သန်းပေါင်း ၂ သန်းခွဲကျော်ရှိမည်
DVB
·
February 1, 2012
အစိုးရသစ်ရဲ့ ဒုတိယသက်တမ်းနှစ်ဖြစ်တဲ့ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ်ငွေသန်းပေါင်း ၂ သန်းခွဲကျော် ရှိမယ်လို့ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက ခန့်မှန်း ထုတ်ပြန်လိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက ဖြန့်ဝေထားတဲ့ လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ပြုစုထားတဲ့ ရသုံးမှန်းခြေငွေစာရင်းမှာ ခန့်မှန်းထားတာပါ။
တိုင်းပြည်ရဲ့စုစုပေါင်းရငွေက ကျပ်ငွေ သန်းပေါင်း ၁ ကုဋေ၊ ၅ သိန်း ကျော် (၁၀၅၂၂၇၈၇.၀၁၃) ရှိနိုင်ပြီး တိုင်းပြည်ရဲ့အသုံးစရိတ်ကတော့ ကျပ်ငွေသန်းပေါင်း ၁ ကုဋေ ၃ သန်းကျော် (၁၃၀၄၀၆၇၅.၃၃၆) ရှိမယ်လို့ ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဘတ်ဂျက်လိုငွေပြမှုဟာ ရာခိုင်နှုန်းအားဖြင့် ၄.၉ ရာခိုင်နှုန်းလောက် ရှိနေတာပါ။ ဒီလိုဖြစ်နေတဲ့အပေါ် စီးပွားရေးပညာရှင် ဆရာဦးမော်သန်းက အခုလို သုံးသပ်သပ်ထားပါတယ်။
[caption id="attachment_20451" align="alignright" width="300" caption="ဦးမော်သန်း"][/caption]
“အဲ့ဒီလိုငွေပြမှုသည် ကျနော်တို့ ရသုံးမှန်းခြေငွေစာရင်းထဲမှာ သာမန်လုပ်ငန်းရပ်တွေအတွက် ကုန်တာပါမယ်။ နောက် ရေရှည်အကျိုးစီးပွားဖြစ်ဖို့ရာအတွက် သုံးတဲ့ငွေတွေ ပါမယ်ပေါ့လေ။ ရေရှည်ရင်းနှီးမြှုပ်နှံမှုကြောင့် လိုငွေပေါ်နေတာမျိုးဆိုရင်တော့ နည်းနည်း သက်သာတာပေါ့။ သာမန်လုပ်ငန်းဆောင်တာ လုပ်ဆောင်ချက်အတွက် ရတာနဲ့ သုံးတာနဲ့ ပိုတယ်ဆိုရင်တော့ ရေရှည်မှာ လိုငွေရှိတာ မကောင်းပါဘူး။”
ဘတ်ဂျက်လိုငွေပြမှုကို အစိုးရတွေအနေနဲ့ ဖြေရှင်းလေ့ရှိတဲ့ နည်းလမ်းတွေနဲ့ အမှန်တကယ် ဖြေရှင်းသင့်တဲ့ နည်းလမ်းတွေကိုလည်း ဆရာဦးမော်သန်းက အခုလို အကြံပြုပြောကြားထားပါတယ်။
“နိုင်ငံတော်အနေနဲ့က လိုငွေကို ပြည်သူတွေဆီက ငွေချေးပြီးတော့ လိုငွေကို စိုက်တာ ရှိချင်ရှိမယ်။ သို့မဟုတ်လည်း ငွေစက္ကူရိုက်ထုတ်ပြီးတော့ စိုက်တာရှိချင်ရှိမယ်။ ငွေစက္ကူရိုက်ပြီးတော့ ဖြည့်ဆည်းတယ်ဆိုရင်တော့ ဒါ ငွေကြေးဖောင်းပွမှုကို ဖြစ်စေတယ်ပေါ့နော်။ နောက် ပြည်သူတွေဆီက ချေးငှားပြီး ငွေတိုက်စာချုပ်တွေလို၊ အစိုးရစာချုပ်တွေလိုပေါ့လေ။ ချေးငွေတွေအပေါ်မှာလည်း အတိုးပေးရတယ်။ ဒီ အတိုးဝန်ကလည်းပဲ တိုင်းပြည်ပေါ်မှာ ပိတယ်။ ပြီးတော့ လိုငွေတွေ သိပ်များတဲ့အခါကျတော့ နောင်လာနောက်သားတွေအပေါ်မှာ တာဝန်ပိတယ်ပေါ့။ ပိတယ်ဆိုတော့ အမှန်ကတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ရငွေနဲ့သုံးငွေ ညီမျှတယ်ဆိုတာမျိုး ရအောင် ကြိုးစားကြတာပါပဲ။”
ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက တင်သွင်းထားတဲ့ ရသုံးမှန်းခြေ ငွေစာရင်းမှာတော့ တိုင်းပြည်ရဲ့ အမျိုးသားဝင်ငွေ ဂျီဒီပီဟာ လာမယ့် ဘဏ္ဍာရေး နှစ်မှာ ကျပ်ငွေသန်းပေါင်း ၅ ကုဋေ ၁ သန်း ၃ သိန်းကျော် (၅၁၃၈၂၉၈၅) အထိ ရှိလာနိုင်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။