ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားသံဃာများ၏ သိမ်တက်ပွဲ ပိတ်ပင်ခံရ
အေးနိုင်
·
February 1, 2012
ရန်ကုန်မြို့မှာ ကျင်းပမယ့် နိုင်ငံရေးအကျဉ်းသား သံဃာတွေရဲ့ သိမ်တက်ပွဲကို တိုင်းသံဃနာယကက ခွင့်မပြုဘဲ တားမြစ်လိုက်တဲ့အတွက် ပွဲပျက်သွားတယ်လို့ ဦးဆောင်စီစဉ်သူ ဦးကိုကိုလေးက ပြောပါတယ်။
မရမ်းကုန်းမြို့နယ် ပေါက်စေတီကျောင်းမှာ ဒီလ ၄ ရက်နေ့ ကျင်းပမယ့် သိမ်တက်ပွဲနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တွေ့ဆုံပွဲမှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ သံဃာ ၃၇ ပါးကို သိမ်တက်ဖို့ ပြင်ဆင်ထားတာဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်ဦးတို့လည်း တက်ရောက် စကားပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။
သိမ်တက်ပွဲပျက်ပုံကို ဦးကိုကိုလေးက “တိုင်းသံဃာနာယကအဖွဲ့က ပိတ်လိုက်တယ်။ ဆရာတော်ကိုယ်တိုင် ဖုန်းဆက်ပြီးတော့ တားတာပါ။ ပထမတော့ အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မှူးနဲ့လာတားတယ်။ တားတဲ့အခါကျတော့ ဆရာတော်က ကျုပ်တို့က ဘုန်းကြီးတွေပဲ၊ သံဃာတွေပဲ၊ ခင်များတို့ပြောတဲ့အတိုင်း အလှူဒါနကို ပိတ်လို့မရဘူး၊ ပြောလိုက်တဲ့အခါ သူတို့ သံဃာ့နာယကကို သွားလျှောက်ပုံရတယ်။ သံဃာ့နာယကကနေ လာတားတယ်။ အဓိကတော့ နိုင်ငံရေးပါလို့ဆိုပြီး ပိတ်လိုက်တာပဲ။”
ဒီပွဲကျင်းပဖို့ ဖိတ်စာတွေလည်း ဝေငှစီစဉ်ပြီး အနားနီးမှ ကပ်ဖျက်ခဲ့တာကြောင့် အဲဒီသိမ်တက်မယ့် ကိုယ်တော်တွေထံကို သင်္ကန်း ပရိက္ခရာ လှူဖွယ်ဝတ္ထုတွေကို လိုက်လံ ဆက်ကပ်မယ်လို့ သူကပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေကို လွန်ခဲ့တဲ့လက ရန်ကုန်က ဘုန်းကြီးကျောင်း တကျောင်းမှာ သိမ်တက်ပေးနိုင်ခဲ့ပြီး အခု ကျန်ရှိတဲ့ သံဃာတွေကို သိမ်တက်ဖို့ စီစဉ်တာလို့ ဦးကိုကိုလေးက ပြောပါတယ်။