ယင်းမာပင်တွင် ကုန်တင်ယာဉ်တိမ်းမှောက်၊ လူ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာအဝင်မှာ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက လိုက်ထရက်အမျိုးစား ကုန်တင်ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ယင်းမာပင်ရဲစခန်းက ပြောပါတယ်။ ကားဘီးလမ်းချော်မှုကြောင့် ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာ အိမ်ဆောက် ပစ္စည်းတွေနဲ့ ခရီးသည် ၉ ဦးလည်း တင်ဆောင်လာခဲ့တာပါ။ ယင်းမာပင်မြို့မရဲစခန်း တာဝန်ရှိသူတဦးက "ရွာတွေက မြို့ပေါ်ဈေးဝယ်ရင် အနီးနားရွာက ထွက်မယ့်ကားကို လမ်းကြုံစုပြီး လိုက်ကြရတယ်။ အခုကလည်း မြို့ပေါ်ဈေးဝယ်ပြီး ပြန်လာတဲ့ကားပါ။ သေဆုံးသူက ကားအောက် ဘက်ကျရာက်သွားတော့ ခေါင်းထိခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။ ကျန်သူတွေကတော့ အဲဒီနေ့မှာတင် လူမှုရေးကားနဲ့ ဆေးရုံတင်ပို့ပေးခဲ့ပါတယ်" လို့ ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယင်းမာပင်မြို့နယ်မှာ နေထိုင်တဲ့ ဦးသန်းနိုင်ဆိုသူ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးကတော့ ယင်းမာပင်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အခုလို ယာဉ်တမ်းမှောက်လူသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ကိုနေလင်းကို ယင်းမာပင်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)/၃၃၈ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - ရန်နိုင်စိုး

More News
Up