ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံ ထောက်ခံကြိုဆိုကြောင်း မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။
ဒေသခံ ၁၃၀ လောက်က ဇီးကနုး အမှတ် (၅) ရပ်ကွက်ရှိ ဆေးကျောင်း (၁) လမ်းက စတင်ပြီး တာပွန်လမ်း၊ ရန်ကုန်-ပြည်ကားလမ်း၊ ဦးယောလမ်း၊ ဈေးလမ်း၊ ကုန်သည်လမ်းများအတိုင်း စီတန်းလှည့်လည်ပါတယ်။
“ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံ ညီလာခံအား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ‘ပြည်သူနှင့်အတူ’ ဆောင်ပုဒ်အား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ နိုင်ငံတဝန်း ပြည်သူများ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်”လို့ ချီတက်သူတွေက ကြွေးကြော်ကြပါတယ်။
ကြိုဆိုထောက်ခံပွဲ ဦးဆောင်စီစဉ်သူ ဦးသန်းအောင်က “၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံကို အောင်အောင်မြင်မြင် ပြုလုပ်ကျင်းပပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ပြည်သူနဲ့အတူ’ ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ကျနော်တို့ ပြည်သူတွေ ပူးပေါင်းပါဝင် ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဦးဆောင်သူတွေကငြိမ်းချမ်းမှ တိုင်းပြည်အမြန်ဆုံး တိုးတက်နိုင်မယ့် အကြောင်းတွေကိုလည်း ဟောပြောခဲ့ကြပါတယ်။
သတင်း – ဝဏ္ဏထွန်း