Home
မြန်မာသတင်း
မြရွာသကြားစက်​ရုံက အလုပ်ထုတ်ခံရသည့် အလုပ်​သမား​များ ဆန္ဒပြ
မင်းညို
·
May 15, 2017
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ထဲက မြရွာသကြားစက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေဟာ အလုပ်သမားရပိုင်ခွင့်တွေနဲ့ နစ်နာမှုတွေအတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့  ဒီကနေ့  ပြည်မြို့မှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေနဲ့ သူတို့မိသားစုဝင်တွေအပါအဝင် အင်အား ၅၀ ကျော်လောက်က ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ကနေ ၆ မိုင်လောက်ဝေးတဲ့ မြရွာ သကြားစက်ရုံရှေ့ထိ ပိုစတာတွေကိုင်ကာ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြကြတာပါ။ ပြီးခဲ့တဲ့မတ်လကစပြီး သကြားစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်း ၄၃ ယောက် အလုပ်ထုတ်ခံခဲ့ရလို့   အလုပ်သမားဖျန်ဖြေရေးဌာနက ၃ ကြိမ်တိုင်အောင် ညှိနှိုင်းပေးခဲ့ပေမယ့် စက်ရုံဘက်က မလိုက်လျောတဲ့အတွက် အခုလို လမ်းပေါ်ထွက် ဆန္ဒပြရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ သကြားစက်ရုံရဲ့ ကြံဝယ်ဌာနမှာ အလုပ်လုပ်ခဲ့တဲ့  အလုပ်သမား ကိုဆန်းဝင်းက “အချိန်ပိုကြေးတွေ၊ နစ်နာကြေးတွေ နစ်နာထားတဲ့ကိစ္စတွေ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့ ကိစ္စတွေ အတွက် အခုလိုဆန္ဒပြတာပါ။ အဲဒါမှ ကျနော်တို့ နစ်နာမှုတွေကို မလိုက်လျောဘူးဆိုရင် ပဲခူးတိုင်းအထိ တက်ပြီးတောင်းဆိုသွားမယ်”လို့ပြောပါတယ်။ သဲဖြူကျေးရွာက လုံခြုံရေးဝန်ထမ်း ကိုသန်းဇော်ထွန်းက “နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်လာတော့ အခုအပြင်မှာ ထွက်ပြီး အလုပ်လုပ်ရမယ်ဆိုတော့ အသက်ကလည်း ကြီးနေပြီ။ ဘာအလုပ် သွားလုပ်မလဲ အခုအရွယ်ကြီးကျမှ”လို့ ပြောပါတယ်။ သကြားစက်ရုံ အထွေထွေမန်နေဂျာ ဦးမြဝင်းက “သူတို့ကို အလုပ်ဖြုတ်တာ မဟုတ်ပါဘူး။ သကြားစက်ရုံတွေရဲ့ သဘောသဘာဝအရ ကြံရာသီချိန်အတွင်းမှာ နေ့စားလပေးအနေနဲ့ ခန့်ရတာတွေ ရှိပါတယ်။ အမြဲတမ်းဆင်းနေတဲ့ ပါမင်းနင့်ဝန်ထမ်းတွေလည်း ရှိပါတယ်။ အခုက ဖြုတ်တာလည်း မဟုတ်ပါဘူး။ အခုလည်း သူတို့ကို နစ်နာကြေး ၁ သိန်း ၂ သောင် ပေးထားတယ်။ သူတို့က ၁၀ သိန်း ကျော် တောင်းနေတော့ ရုံးချုပ်ကိုတော့ တင်ပြထားပါတယ်”လို့ ဒီဗွီဘီကို ရှင်းပြပါတယ်။ မြရွာသကြားစက်မှာ အမြဲတမ်းဝန်ထမ်း ၁၉၆ ယောက်ရှိပြီး ယာယီနေ့စားဝန်ထမ်း ၇၄ ယောက် ရှိပါတယ်။ အဲဒီ သကြားစက်ရုံကို ၁၉၉၉ ခုနှစ်က  တည်ဆောက် စတင်လည်ပတ်လာခဲ့တာဖြစ်ပြီး မြန်မာစူးတက်ကုမ္ပဏီက ၅၅ ရာခိုင်နှုန်းနဲ့ နိုင်ငံတော်က ၄၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024