A d v e r t i s e m e n t With Us

ဟွန်ဒူးရပ်စ်တွင် စစ်တပ်စောင့်သည့်ထောင် အဖောက်ခံရပြီး လူ ၂၀ ကျော် လွတ်မြောက်

ဓာတ်ပုံ - ရိုက်တာ
ဟွန်ဒူးရပ်စ်နိုင်ငံမှာ စစ်တပ်ကစောင့်တဲ့ထောင် အဖောက်ခံရလို့ လူအယောက် ၂၀ ကျော် ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ လူအထူဆုံးထောင်ကနေ လုံခြုံရေးပိုကောင်းတဲ့ ထောင်ဆီကို မပြောင်းခင်လေးမှာ ဂိုဏ်းသား ၂၂ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အရာရှိတဦးက ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့မှာ ပြောပါတယ်။ ထောင်ကိုကြီးကြပ်ဖို့ တာဝန်ချထားတဲ့ စစ်သားတွေကို ပြင်းပြင်းထန်ထန်ခုခံပြီး ထွက်ပြေးသွားတာလို့ ပြောပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘာရီယိုအိတ်တဲင်း ဂိုဏ်းသားတွေအတွက် အထူး ကင်းမြီးကောက်ထောင်မှာ ပိတ်ထားတဲ့ ထောင်သားတွေက လုံခြုံရေး အလယ်အလတ်အဆင့်ရှိတဲ့ မာကို အော်ရေလီယိုစိုတိုထောင်ကနေ မေလ ၁၁ ရက်နေ့က လွတ်သွားတာလို့ ဟွန်ဒူးရပ်စ် အမျိုးသားအကျဉ်းဦးစီးဌာန အကြီးအကဲက ပြောပါတယ်။ အာဏာပိုင်တွေက ထောင်သားတွေကို ရှာနေတယ်။ လွတ်မြောက်မှုကိုလည်း စုံစမ်း စစ်ဆေးနေတယ်။ ဒါဟာ ရာဇဝတ်မှုထူပြောတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံမှာ ဆယ်စုနှစ်တခုကျော်အတွင်း အကြီးဆုံး ထောင်ဖောက်မှုပဲလို့ သူက သတင်းစာရှင်းလင်းပွဲမှာ ဆက်ပြောပါတယ်။ ထောင်တွင်း နှိပ်စက်၊ သတ်ဖြတ်၊ မူးယစ်ဆေး ရောင်းဝယ်မှုတွေကို ထိန်းချုပ်ဖို့ ထောင်သားတွေကို လုံခြုံရေးပိုမြင့်တဲ့ ထောင်ဆီ အာဏာပိုင်တွေက ရွှေ့ပြောင်းနေကြတာပါ။ ဟွန်ဒူးရပ်စ်မြို့တော်မြောက်ပိုင်းက ဒီထောင်ဟာ ထောင်သား အယောက် ၈၀၀၀ အတွက် ဆောက်ထားတာ ဖြစ်ပေမယ့် အခင်းဖြစ်ချိန်မှာ ထောင်သား အယောက် ၁၇၀၀၀ လောက် ရှိနေခဲ့ပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း အစိုးရက ထောင်သား အယောက် ၇၄၀ ကို လုံခြုံရေးပိုမြင့်တဲ့ ထောင်တွေဆီ ရွှေ့ပြောင်းခဲ့ပါတယ်။ နိုင်ငံရဲ့ အကြီးဆုံးထောင်တွေကို စစ်တပ်က ထိန်းသိမ်းကြီးကြပ်ဖို့ ၂၀၁၄ ခုနှစ်မှာ အစိုးရက အမိန့်ထုတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up