မွန်ပြည်သစ်ပါတီနှင့် အစိုးရ အပစ်ရပ်ရန် မူအားဖြင့် သဘောတူ
အေးနိုင်
·
February 1, 2012
မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေ ဒီကနေ့ မနက်ပိုင်း မော်လမြိုင်မြို့ တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် ၅ ချက်ကို ပဏာမသဘောတူခဲ့ကြတယ်လို့ အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးစောလှမောင်ရွှေက ပြောပါတယ်။
“ပဏာမ သဘောတူတာကတော့ နှစ်ဖက် အပစ်အခတ်ရပ်စဲဖို့ရယ်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့အတွက်။ အခုကတော့ ပြည်နယ်အဆင့် ပေါ့နော်။ ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်အမည်စာရင်း၊ ရက်၊ နေရာ ညှိနှိုင်းဖို့ရယ်၊ ဆက်ဆံရေးရုံးတွေ ထားဖို့ရယ်၊ သတ်မှတ်တဲ့နေရာပဲ လက်နက်နဲ့ သွားဖို့ဖြစ်ပြီး ကန့်သတ်နယ်မြေမှာ လက်နက်နဲ့ မသွားရဘူး ဆိုတာရယ်။ နှစ်ဖက် သဘောတူညီလို့ရတဲ့ နယ်မြေပိုင်းခြားတွေမှာ နေထိုင်ဖို့ စတဲ့အချက်တွေ ဆောင်ရွက်ဖို့ကို ဒီကနေ့ သဘောတူခဲ့တယ်။”
မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တွေက အခုရရှိခဲ့တဲ့ လူကြီးလူကောင်း သဘောတူညိချက် (gentlemen agreement) တွေအပေါ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီကို တင်ပြပြီး ဒီလ တတိယပတ်လောက် ထပ်မံတွေ့ဆုံကြမယ်လို့ အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။
ဒီဆွေးနွေးပွဲကနေ နှစ်ဖက်အကြား အပြီးသတ် သဘောတူညီချက် မရသေးဘူးဆိုတာကို မီးရထားဝန်ကြီး ဦးအောင်မင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးစိုးမိုးအောင်က ပြောပါတယ်။
“မရသေးပါဘူးအစ်ကို။ သဘောတူညီချက်ဟာကို သူတို့ ဗဟိုကော်မတီ ဘာညာ ပြန်တင်ပြပြီးတော့ ဖေဖော်ဝါရီလ တတိယပတ်မှာမှ အပြီးသတ် လုပ်မှာပါခင်ဗျ။”
ဒီကနေ့ဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ပါတီဒုဥက္ကဋ္ဌ နိုင်ရော့စ၊ ဗဟိုအလုပ်အမှုဆောင်၊ နိုင်တလညီနော်နဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လီယယ်စကောင်း အပါအဝင် ကိုယ်စားလှယ် ၇ ဦး ဆွေးနွေးပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်ပြီး ဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီးဦးဇော်မင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ ပါဝင်ပါတယ်။
မွန်ပြည်သစ်ပါတီဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ရာကနေ စစ်ကောင်စီလက်ထက်မှာ အပစ်ရပ် သဘောတူညီချက် တကြိမ်ရဖူးပါတယ်။
ဒါပေမယ့် နယ်ခြားစောင့်တပ်ပြောင်းခိုင်းတာကို ငြင်းဆန်တာကြောင့် အပစ်ရပ် သဘောတူညီချက် ပျက်သလိုဖြစ်ခဲ့ပြီး အစိုးရသစ်လက်ထက် ပြန်လည် ဆွေးနွေးနေတာ ဖြစ်ပါတယ်။