Home
မြန်မာသတင်း
အာစီအက်စ်အက်စ် စစ်သားသစ်စုဆောင်းမှုကြောင့် ဒေသခံ ၁၀၀ ကျော် ထွက်ပြေးနေရ
ခွန်ဇော်ဦး
·
May 12, 2017
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကတူးကြီးကျေးရွာအုပ်စု မှာ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) လက်နက်ကိုင်တပ်ဖွဲ့က စစ်သားသစ် စုဆောင်းမှု ပြုလုပ်တဲ့အတွက် မေ ၁၂ ရက်နေ့က ဒေသခံ ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကတူးကြီးကျေးရွာအုပ်စု ပုန်းစုတ်ရွာနဲ့ မဲတစေးရွာတွေက စစ်သားစုဆောင်းမှုနဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို ခံနေရတဲ့အတွက် ရွာမှာ မနေရဲတော့ဘဲ နားဟီးကျေးရွာဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ "ကျနော်တို့ဆီမှာ ပြီးခဲ့တဲ့လတည်းကပေါ့၊ ဆက်ကြေးကောက်တာတွေလည်း လုပ်တယ်၊ အခုပြည်သူ့စစ်ဆိုပြီး တပ်သားသစ်ခေါ်တော့ ကျနော်တို့ မသွားချင်ကြ၊ မသွားရဲကြဘူး၊ ဒါကြောင့် အကုန်ပြောင်းရွှေ့ ထွက်ပြေးတိမ်းရှောင်ရတာပါ" လို့ ဒေသခံ စိုင်းခွန်မောင်ကပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံတဦးကလည်း "အရင်က ရှမ်းရွာမှာ သူတို့ လူလာစုတော့ ရှမ်းလည်းထွက်ပြေးရတယ်၊ အခုပအိုဝ်းရွာ နှစ်ရွာလုံးကို စစ်သားသစ်စုဆောင်းမှု လုပ်တယ်၊ လူမပေးနိုင်ရင် ရွာမှာမနေနဲ့ပြောလို့ ထွက်ပြေးရတာဖြစ်တယ်၊ မနေ့ကစ ထွက်ပြေးတယ်၊ ဒီနေ့ဆို ရွာလုံးနီးပါးထွက်ပြေးလာပြီ" လို့ ပြောပါတယ်။ အာစီအက်စ်အက်စ်က စစ်သားစုဆောင်မှုနဲ့ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းကို ဆက်သွယ် မေးမြန်းရာမှာတော့ ဗဟိုအနေနဲ့ စစ်သားစုဆောင်းတဲ့ကိစ္စ မကြားရသေးကြောင်းလည်း ပြန်လည်စုံစမ်းပြီး ရှိခဲ့မယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ “ကျနော်တို့ဘက်ကတော့ အောက်ခြေအစီရင်ခံစာတော့ မကြားရသေးဘူးဗျာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ စိစစ်ပေးမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပေါ်လစီမှာဆိုရင် စစ်သားစုဆောင်းတာ၊ အဓမ္မစုဆောင်းတဲ့ ပေါ်လစီမရှိဘူး။ နောက်တချက်လည်း ကျနော်တို့ အန်စီအေ လက်မှတ်ရေးထိုးပြီးသား အဖွဲ့ဖြစ်တယ်ဆိုတော့ အန်စီအေမှာ ပါတဲ့အတိုင်း ကျနော်တို့လည်း လိုက်နာ စောင့်ထိန်းနေတဲ့ အနေအထားမှာရှိပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း သေသေချာချာ စိစစ်ပြီးတော့ အကယ်၍ရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေကို ကျနော်တို့ ထိထိ ရောက်ရောက်အရေးယူမှာဖြစ်ပါတယ်။ ” အခုချိန်ထိ ကတူးကြီးဒေသ အစွန်ဘက်မှာရှိတဲ့ နားဟီး ဘုန်းကြီးကျောင်းမှာ စစ်ပြေးဒုက္ခသည် ၁၀၀ ကျော် ရောက်ရှိနေပြီဖြစ်ပါတယ်။ အာစီအက်စ်အက်စ် အဖွဲ့က ရက်ချိန်းနဲ့ ရွာသားတွေကို လူပေးဖို့တောင်းဆိုရာကနေ ညှိနိုင်းမှုမရလို့ အခုလို ထွက်ပြေးလာရတာပါ။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024