A d v e r t i s e m e n t With Us

ကြံ့ခိုင်သည့်ကစားသမား ရှားပါးမှုကြောင့် ဘတ်စကက်ဘောအားကစားနည်း တိုးတက်ရန် ခက်ခဲ

ဘတ်စကက်ဘော အားကစားနည်းဟာ ပရိသတ်တွေ မရင်းနှီးသေးတဲ့ အားကစားနည်း ဖြစ်သလို ပြည်တွင်းမှာ အရပ်အမောင်းကောင်းပြီး ကြံ့ခိုင်တဲ့ ကစားသမားတွေ ရှားပါးနေသေးတဲ့အတွက် တိုးတက်လာဖို့ အခက်အခဲတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဘတ်စကက်ဘော အားကစားနည်းဟာ လူသိနည်းတဲ့ အားကစားနည်းတခု ဖြစ်ပါတယ်။ ဒီကစားနည်းကို စိတ်ဝင်စားကြပေမယ့်လည်း ကစားသမားတွေအနေနဲ့ အချိန်မပေးနိုင်တာတွေ ရှိတဲ့အတွက် အောင်မြင်မှုရရှိဖို့ အတော်လေးကို ဝေးကွာနေတာပဲ ဖြစ်ပါတယ်။ “အားနည်းမှုကတော့ ကစားတာတော့ ကစားကြတယ်။ ဒါပေမယ့် ကလေးတွေက ကစားပေမယ့်လည်း တခါတလေကျရင် ပြိုင်ဖို့တွေရှိပေမယ့် ကလေးတွေက အကြောင်းကြောင်းကြောင့် ကမ့်ပ်ခေါ်ရင် မလာနိုင်တာတွေ၊ နောက်ပြီးတော့ အလုပ်ဝင်လို့ မအားတာတွေရှိတော့ တချို့ကလည်း သိပ်မကစားနိုင်ကြဘူးပေါ့။ ပွဲလေးရှိမှပဲ ကစားကြတယ်ပေါ့။ ဒါပေမယ့် စိတ်တော့ဝင်စားကြပါတယ်။ ပွဲရှိရင်တော့ လာကြပါတယ်။ ဒါပေမယ့် သီးသန့်ချည်း ကမ့်ပ်ဝင်ဖို့ အချိန်မပေးနိုင်တာလေးတွေတော့ ရှိတာပေါ့နော်” လို့ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် နည်းပြ ဒေါ်ခင်မာချိုက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကစားနေကြတဲ့ ဘတ်စကက်ဘော ကစားသမားတွေဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ အရပ်အမောင်းပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်လို့ နည်းပြ ဒေါ်ခင်မာချိုက ဆက်ပြောပါတယ်။ “ဆရာမတို့က တတ်နိုင်ရင်တော့ အရပ်ရှည်တဲ့လူတွေချည်းပဲ စုပြီးတော့ အခြေခံကနေစပြီး စုပြီးလုပ်နိုင်ရင် ကောင်းတာပေါ့နော်။ ဒါပေမယ့်လည်း ခက်တာက တချို့ အရပ်ရှည်တဲ့လူကလည်း အားကစားကို မကစားချင်တာ ရှိတာပေါ့။ တခြားအားကစားတွေကို ကစားကြတာပေါ့နော်။ ဒီမှာတော့ အရပ်ရှည်တဲ့လူ၊ ကြံ့ခိုင်တဲ့လူ ရှိစေချင်တာပေါ့။ ဒါပေမယ့်လည်း ကိုယ့်ဆီလာကစားတဲ့ ကလေးတွေ ကြံ့ခိုင်မှုရှိအောင်၊ အရပ်ရှည်တာကတော့ ကျင့်ယူလို့ မရဘူးပေါ့။ ကျန်တာတွေကတော့ လုပ်ယူလို့ရတာပေါ့နော်။ ဆေးတွေ၊ အခြေခံတွေတော့ လေ့ကျင့်ပေးလို့ရတာပေါ့။ ကြံ့ခိုင်မှုတော့ လေ့ကျင့်လို့ရတယ်။ အရပ်ရှည်တာ တခုတည်းတော့ ဆရာမတို့ဆီမှာ လိုနေတာပေါ့နော်။” ဒါပေမယ့်လည်း ဘတ်စကက်ဘော အားကစားနည်းနဲ့ ပတ်သက်ပြီး အရင်ကထက် ပြိုင်ပွဲတွေ  ကျင်းပပေးလာနိုင်တဲ့အတွက် ကစားသမားတွေအနေနဲ့ တိုးတက်လာနိုင်တယ်လို့ အမျိုးသမီး ဘတ်စကက်ဘော ကစားသမားတဦးဖြစ်သူ သက်ဆုထွေးက ရှင်းပြပါတယ်။ “ဘတ်စကက်ဘောကတော့ လူသိ တော်တော်လေးနည်းပါတယ်။ အခုနောက်ပိုင်းမှာ ကျောင်းတွေမှာရော၊ ဒီလိုမျိုး ပြိုင်ပွဲတွေ အဖွဲ့ချုပ်ကလည်း ခဏခဏလုပ်ပေးတဲ့အတွက်ကြောင့်မို့ တဖြည်းဖြည်းနဲ့လည်း ဘတ်စကက်ဘောက လူသိများလာခဲ့ပါပြီ။ အရင်တုန်းကဆို ပြိုင်ပွဲက ၁ နှစ်မှာ ၁ ပွဲ၊ ၂ ပွဲလောက် ရှိတာနဲ့။ အခုဆို ၁ နှစ်မှာ သုံးလေးပွဲလောက်အထိ ကျင်းပနိုင်ပြီဖြစ်ပါတယ်။ တဖြည်းဖြည်း ဘတ်စကက်ဘောလောကက ကျယ်ပြန့်လာပါပြီ။ မျိုးဆက်တွေ အားကစားသမားတွေ ထွက်လာဖို့အတွက်ကတော့ အများကြီးလိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုနောက်ပိုင်းမှာ ဒီအားကစားနည်းကို အင်တာနေရှင်နယ်စကူးတွေက အများကြီးလုပ်လာတာဖြစ်တဲ့အတွက် မျိုးဆက်သစ် ဘတ်စကက်ဘော အားကစားသမားတွေ  အများကြီး တိုးတက်လာမှာပါ။” ဘတ်စကက်ဘော အားကစားဟာ မြန်မာနိုင်ငံအတွက်တော့ အားနည်းတဲ့ အားကစားနည်းတမျိုး ဖြစ်သလို ဆုတံဆိပ်တဆုမှ ဆွတ်ခူးနိုင်ခြင်း မရှိသေးတဲ့ အားကစားနည်းလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up