Home
မြန်မာသတင်း
ယူပီဒီဂျေစီအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကား ပြောကြား (ရုပ်သံ)
DVB
·
May 12, 2017
  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။ ယူပီဒီဂျေစီအစည်းအဝေးမှာ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပနိုင်ရေး အကြို ညှိနှိုင်းဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေရဲ့ ကိုယ်စား ပဒိုစောကွယ်ထူးဝင်း (ကေအန်ယူ) နဲ့ နိုင်ငံရေးပါတီတွေ ကိုယ်စား ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးသုဝေတို့က နှုတ်ခွန်းဆက် စကားတွေ ပြောဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကား အပြည့်အစုံ ဖတ်ရှုရန် “ဒီနေ့ ကျမတို့ကျင်းပတဲ့ အစည်းအဝေးကတော့ အဓိကအားဖြင့် ၂၄ ရက်နေ့မှာ ကျင်းပမယ့် ညီလာခံအတွက် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒါနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေကိုလည်း ကျမတို့ဆွေးနွေးသွားမှာ ဖြစ်ပါတယ် အခုဆို ကျမတို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျမတို့ ကြိုးပမ်းခဲ့တာ တနှစ်ကျော်သွားပါပြီ။ တနှစ်ကျော်တဲ့ကာလအတွင်းမှာ အနိမ့်အမြင့် အရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဒါတွေကတော့ ဖြစ်ရိုးဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော အားလုံးခြုံပြီးတော့ ကြည့်လိုက်ရင်တော့ တိုးတက်မှုရှိတယ်လို့ ကျမတို့ ကယူဆပါတယ်။ ကျမတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ရှိရင် တကမ္ဘာလုံးကလည်း စိတ်ဝင်စားမှုရှိနေပါတယ်။ ဘာဖြစ်လို့ စိတ်ဝင်စားလည်းဆိုတော့ ကျမတို့နိုင်ငံအတွက် တင်မဟုတ်ဘူးပေါ့။ တခြားပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေအတွက်လည်း အရေးကြီးတဲ့ သင်ခန်းစာတွေရနိုင်မယ့် ဖြစ်စဉ်လို့ပဲ သူတို့ယူဆကြပါတယ်။ ကျမတို့ရဲ့ အောင်မြင်မှုဆိုတာ ကျမတို့နိုင်ငံတခုတည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲနဲ့ တကမ္ဘာလုံးရဲ့ ငြိမ်ချမ်းရေး ဖြစ်စဉ်တွေအတွက် အောင်မြင်မှုလို့ သတ်မှတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့်မို့ ကျမတို့အနေနဲ့ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစုနှစ် ပင်လုံညီလာခံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို အောင်မြင်အောင်လုပ်ဖို့ ဆိုတာ အားလုံးမှာ တာဝန်ရှိတယ်လို့ ကျမက ယူဆပါတယ်။ ဒီလို ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သတ်လို့ အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာ နောက်ဆုံးတော့ ဆန္ဒနဲ့ပဲ ဆိုင်ပါတယ်။ ဒီဆန္ဒကလွဲလို့ တခြားမဖြစ်နိုင်စရာ ဘာမှ မရှိပါဘူး။ ကျမတို့ ခဏ ခဏပြောပါတယ်။ အောင်မြင်ခြင်း တရား ၄ ပါးဆိုတာ ဆန္ဒနဲ့ပဲ စတာပဲ ငြိမ်းချမ်းရေးလိုချင်လို့ရှိရင် ကျမတို့ ဘယ်လိုနည်းနဲ့မဆို ရပါတယ် ငြိမ်းချမ်းရေး မလိုချင်လို့ရှိရင်တော့ နည်းအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေး ကြန့်ကြာအောင် လုပ်တယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျမတို့ဟာ တကယ်ရော ဆန္ဒရှိရဲ့လား တကယ်ဆန္ဒရှိမှ တခြားဝီရိယ စိတ်ဓာတ် ပညာတို့နဲ့ ပံ့ပိုးပြီးတော့ အောင်မြင်ခြင်းကို ရနိုင်မှာပါ။ ဒါကြောင့် အခု ကျမတို့ အစည်းဝေးမှာ ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ ဆန္ဒရှိတယ်လို့ ကျမတို့ ယူဆပါတယ်။ ဒါ ရှိတာ မရှိတာ ဆိုတာကတော့ ဒီအဆုံးအဖြတ်ကျတော့ ဘယ်သူက ဆုံးဖြတ်မလဲဆိုတော့ ပြည်သူလူထုနဲ့ သမိုင်းက ဆုံးဖြတ်မှာ ဖြစ်ပါတယ် ပြည်သူလူထုဆိုတာ ကျမတို့အခု ဒီ ပစ္စုပ္ပန်ကာလပြည်သူမဟုတ်ဘူး။ နောင်လာမယ့် နောင်လာနောက်သားများ မျိုးဆက်များက ဆုံးဖြတ်မယ့် ဒီသမိုင်းရဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်မှာပါ။ ဒါ့ကြောင့် ကျမတို့ အားလုံးဟာ အောင်မြင်ဖို့အတွက်ကို ဝိုင်းဝန်းပြီးတော့ တတ်အားသမျှ စေတနာ မှန်မှန်နဲ့ ကြိုးစားသွားကြမယ်။ ပြည်ထောင်စု စိတ်ဓာတ်အပြည့်အဝနဲ့ ကြိုးစားသွားမယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024