Live
Home
မြန်မာသတင်း
ကေအန်ပီပီ ကွန်ဂရက် ကျင်းပပြီးစီး၊ ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များ ရွေးချယ်
နော်နိုရင်း
·
May 11, 2017
၁၃ ကြိမ်မြောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ရဲ့ ကွန်ဂရက်ကို ဗဟိုဌာနချုပ်ရှိရာ ညာမူစခန်းမှာ ဒီကနေ့ ကျင်းပပြီးစီးခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီဝင်တွေကို ပြန်လည်ရွေးချယ်လိုက်ပါတယ်။ ကေအန်ပီပီပါတီဥက္ကဋ္ဌကို အရင်ဥက္ကဋ္ဌဟောင်း ခွန်အေဘယ်လ်ထွီးကိုပဲ ပြန်လည်ရွေးချယ်ခဲ့သလို အမြဲတမ်းဗဟိုကော်မတီ ၁၇ ဦးနဲ့ အရန်ဗဟိုကော်မတီ ၁၂ ဦးကို ပြန်လည်ရွေးချယ်လိုက်တယ်လို့ ဗဟိုကော်မတီဝင် ဦးရွှေမျိုးသန့်က ပြောပါတယ်။ မေ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကွန်ဂရက်ကို ဗဟိုဌာနချုပ်ရှိရာ ညာမူစခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး လာမယ့် ဧပြီ ၁၇ နဲ့ ၁၈ ရက်တွေမှာတော့ ရွေးချယ်ထားတဲ့ ဗဟို ကော်မတီထဲက ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေနဲ့ ဗဟိုဦးဆောင်ကော်မတီ (စီအီးစီ)ကို ပြန်လည်ရွေးချယ်တင်မြောက်မယ်လို့ ဦးရွေမျိုးသန့်က ပြောပါတယ်။ “ကျနော်တို့က အခုလောလောဆယ် ဥက္ကဋ္ဌ တယောက်ပဲရွေးသေးတယ်။ ပြီးတော့မှ ဒု-ဥက္ကဋ္ဌတို့၊ အတွင်းရေးမှူးတို့ စီအီးစီတွေကို ပြန်ရွေးမယ်။ ကွန်ဂရက်က ဒီရက်မှ ပြီးတယ်လေ။ ” တပတ်ကျော်ကြာကျင်းပခဲ့တဲ့ ကွန်ဂရက်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လူငယ်နဲ့ အမျိုးသမီးကဏ္ဍတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။ ငြိမ်းချမ်းရေးကိစ္စတွေဖြစ်တဲ့ အန်စီအေစာချုပ် လက်မှတ်ထိုးရေးမထိုးရေးနဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ တက်မတက်ကိုတော့ လာမယ့်အပတ် ဆွေးနွေးအတည်ပြုသွားမယ်လို့လည်း ဦးရွှေမျိုးသန့်က ပြောပါတယ်။ ဒီတပတ်ကွန်ဂရက်ရဲ့ ထူးခြားချက်အနေနဲ့ ဗဟိုကော်မတီနဲ့အရန်ကော်မတီဝင်တွေထဲမှာ လူငယ်တွေ အတော်များများပါဝင်လာတယ်လို့လည်း ပြောပါတယ်။ ကေအန်ပီပီကို ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ) ရဲ့ အဖွဲ့ဝင်ဖြစ်သလို အစိုးရနဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးလည်း ဆွေးနွေးနေဆဲဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024