Home
မြန်မာသတင်း
ထိုင်းတွင် ကမ္ဘောဇဘဏ်၏ ငွေလွှဲလုပ်ငန်း ဧပြီ၊ မေလလောက်တွင် စနိုင်မည်
ရွှေအောင်
·
January 31, 2012
ထိုင်းနိုင်ငံမှာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ရတဲ့ က​မ္ဘောဇဘဏ်အနေနဲ့ လာမယ့် ဧပြီ မေလလောက်မှ လုပ်ငန်း စတင်နိုင်မှာ ဖြစ်ပါတယ်။ ငွေလွှဲလုပ်ငန်း လုပ်ဖို့အတွက် ထိုင်းမှာရှိတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်နေတုန်း ဖြစ်တာကြောင့် အဲ့ဒီလောက်မှ လုပ်ငန်းစနိုင်မယ်လို့ ဘဏ်-ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။ ထိုင်းမှာ က​မ္ဘောဇဘဏ်ခွဲ ဖွင့်ပြီး လုပ်ငန်းဆောင်ရွက်ဖို့က ချက်ချင်းတော့ မဖြစ်နိုင်သေးဘူးလို့ ဦးသန်းလွင်က ပြောပါတယ်။ “အဲဒီအဆင့်ကတော့ ဒုတိယအဆင့် စဉ်းစားမှာပါ။ ချက်ချင်းတော့ မဖြစ်နိုင်သေးပါဘူး။ လောလောဆယ်တော့ ကျနော်တို့က ထိုင်းက ဘဏ်တွေနဲ့ အဆက်အသွယ် လုပ်ရဦးမှာလေ။ ဧပြီ၊ မေလောက်ဆိုရင် စလို့ရပြီထင်တယ်။ ခန်းမှန်းတာပေါ့။” ထိုင်းက ဘယ်ဘဏ်နဲ့ ချိတ်ပြီး လုပ်မယ်ဆိုတာကို ခုထိ ဆွေးနွေးနေတုန်းပဲလို့လည်း ပြောပါတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေ မိသားစုတွေဆီ ငွေလွှဲပို့တဲ့နေရာမှာ လုံခြုံစိတ်ချပြီး၊ လျင်မြန်ချောမွေ့စေဖို့ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့် ပြုလိုက်တာလို့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် အခုလို မြန်မာပြည် ဘဏ်တခုက ငွေလွှဲလုပ်ငန်း လာလုပ်တာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းကတော့ ခုလို သုံးသပ်ပြောပါတယ်။ “ပထမဆုံးတခု အဆင်ပြေသွားမှာက အဆင်အပြေဆုံးတခုက ဘာလဲဆိုရင် ကမ္ဘောဇဘဏ်အနေနဲ့ လုပ်ခွင့်ရရင် ကမ္ဘောဇဘဏ်ကို ပွဲစားတွေက ဆက်သွယ် လာလိမ့်မယ်။ ပွဲစားတွေက နယ်မြေတိုင်းမှာ လူခံလည်းရှိတယ်။ စက်ရုံလည်းရှိတယ်။ နယ်မြေက ဘန်ကောက်နယ်မြေ၊ စမွတ်ပလာကန်နယ်မြေ၊ မဟာချိုင်နယ်မြေ၊ ကော့သောင်း၊ ရနောင်းနယ်မြေ၊ အဲဒီနယ်မြေတွေက ပွဲစားတွေကတော့ လာလိမ့်မယ်။ အဲဒီပွဲစားတွေက ကျနော် ပို့တဲ့ငွေတွေကို ခင်များတို့ဘဏ်အနေနဲ့ မြန်မာပြည်အနှံ့ ပို့ပေးပါလို့ လွှဲပြောင်းတဲ့နည်းနဲ့ပဲ သွားလိမ့်မယ်။ အလုပ်သမားတွေ သုံးစွဲဖို့ တော်တော်ကို လိုဦးမယ်။” မြန်မာအလုပ်သမားအများစုဟာ ငွေလွှဲပွဲစားတွေနဲ့ ဆက်သွယ်ပြီး အိမ်ကို ငွေပြန်ပို့နေကြတာ ဖြစ်ပါတယ်။ မြန်မာအလုပ်သမား အများစုဟာ ဘဏ်နဲ့ အဆက်အသွယ် မရှိကြတာများပြီး ဘဏ်နဲ့ဆက်သွယ်ဖို့ ပညာပေး ဟောပြောနေရတယ်လို့ ထိုင်းတောင်ပိုင်းမှာ အလုပ်သမားပညာပေး လုပ်ငန်း ဆောင်ရွက်နေတဲ့ ကိုထူးချစ်က ပြောပါတယ်။ လောလောဆယ် ထိုင်းနိုင်ငံမှာ  မြန်မာအလုပ်သမား နှစ်သန်းကျော် ရှိတယ်လို့ မြန်မာအစိုးရက သတင်း ထုတ်ပြန်ထားပြီး၊ လောလောဆယ် မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား ၉ သိန်း ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ ငွေလွှဲလုပ်ငန်း လုပ်ခွင့်ရရှိသည့် ဘဏ် လေးခုဖြစ်ပြီး၊ က​မ္ဘောဇဘဏ်က ထိုင်းနိုင်ငံ၊ သမ၀ါယမဘဏ်က စင်ကာပူ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က စင်ကာပူနဲ့ မလေးရှား၊ ဧရာဝတီဘဏ်က မလေးရှားနိုင်ငံတွေမှာ ငွေလွှဲလုပ်ငန်းတွေ လုပ်ကြမှာ ဖြစ်ပါတယ်။ ဒီဘဏ်လေးခုဟာ အရင်စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေ ပိုင်ဆိုင်ထားကြပြီး ဘဏ်ဖွင့်ခွင့်ရတာ မကြာသေးတဲ့ ဘဏ်အသစ်တွေလည်း ဖြစ်ပါတယ်။ နှစ်ရှည်လများ ရပ်တည်ခဲ့ကြတဲ့ ပုဂ္ဂလိကဘဏ်တွေဟာ ငွေလွှဲလုပ်ငန်း လုပ်ဆောင်ခွင့်ရဖို့ တင်ပြခဲ့ကြပေမယ့် ဗဟိုဘဏ်က လုပ်ပိုင်ခွင့် ချမပေးခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024