Home
မြန်မာသတင်း
တအာင်းတပ်ဖွဲ့ ဖမ်းဆီးထားသည့် ရွာသား ၂ ဦး လွတ်မြောက်လာ
နန်းမြနဒီ
·
May 11, 2017
တအာင်းတပ်ဖွဲ့ (PSLF/TNLA) မှ ၂ လကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နမ္မတူမြို့နယ် မိုင်းတတ်ရွာသား ၂ ဦး မနေ့ညနေပိုင်းက  ပြန်လွတ်လာပြီလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဆိုပါ ရွာသား ၂ ဦးမှာ အသက် ၅၀ ၀န်းကျင်ရှိ ဦးအိုက်နွံ နဲ့ ဦးအိုက်ကီးတို့ဖြစ်ပြီး ရှမ်းပြည်တပ်မတော်အဖွဲ့ (အာစီအက်စ်အက်စ်) က မဟုတ်ကြောင်း စုံစမ်းစစ်ဆေးသိရှိပြီးတဲ့ နောက် ၀န်ခံချက်နဲ့ ပြန်လွှတ်ပေးလိုက်တာလို့ သူတို့ ၂ ဦးကို သွားကြိုလာတဲ့ မိုင်းတတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကောလိယက ဒီဗွီဘီကို ပြောပါတယ်။ “TNLA တပ်က သူတို့ ၂ ယောက်ကို ပြန်လွှတ်ပေးမယ်ပြောလို့ မနေ့က ကျနော်တို့ ဆိုင်ကယ် ၂ စီးနဲ့  မိုင်းပူးရွာနားက တောထဲမှာ သွားကြိုလာတယ်။ သူတို့က နောက်နောင် အာစီ အက်စ်အက်စ်နဲ့ ဆက်သွယ်ခြင်းမပြုပါဘူး ဆိုတဲ့ ၀န်ခံချက် လက်မှတ်ထိုးပေးရတယ်။  ၃ နာရီကြာ ဆိုင်ကယ်မောင်းရပြီး ညနေ ၅ နာရီလောက် ပြန်ရောက်ပါတယ်ခင်ဗျ။ ၂ ယောက်လုံး ကျန်းကျန်းမာမာပါပဲ။ ကြောက်စိတ်တွေတော့ ရှိနေတုန်းပေါ့။ ၂ လကြာ ထောင်ထဲမှာ နေရတယ်လို့ ပြောတယ်။” သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ (တပေါင်းလပြည့်နေ့) က တီအန်အယ်လ်အေက ဖမ်းခေါ်သွားတဲ့ မိုင်းတတ်၊ နောင်စန့်၊ မောတောဝ်၊ မောနွဲ့ စတဲ့ရွာက လူထု ၉၀ ကျော်ထဲ အပါအ၀င် ဖြစ်ပြီး ကျန်တဲ့လူတွေအားလုံးလွတ်လာပေမယ့် သူတို့ကိုတော့ အာစိအက်စ်အက်စ် ရှမ်းပြည်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တာလို့ သူကဆက်ပြောပါတယ်။ မတ်လ ၁၂ ရက်ေန့က အဖမ်းခံရတဲ့ထဲမှာ မိုင်းတတ်ရွာသား  ၃၉ ဦးပါဝင်ပြီး  ၃၇ ဦးကို နောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့ကာ  ဦးအိုက်နွံ နဲ့ ဦးအိုက်ကီးတို့ကတော့ ခုမှ လွတ်လာတာပါ။ တခြားရွာက ရွာသားတွေတော့ ဘယ်နှဦးလွတ်ပြီး ဘယ်နှဦးကျန်သလဲဆိုတာ မသိရဘူးလို့ ဦးကောလိယက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်ကတော့ မနေ့က လူ ၂ ယောက် ပြန်လွှတ်လိုက်တဲ့ကိစ္စကိုတော့ မသိရကြောင်း၊ အရင်ကတော့ အာစီအက်စ်အက်စ် အဖွဲ့ဝင် ၁၀ ဦးလောက် ဖမ်းထားတာရှိပြီး အားလုံးပြန်လွှတ်ပေးပြီးပြီလို့ ဒီဗွီဘီကို ရှင်းပြပါတယ်။ “ရွာသားတွေကို ဖမ်းထားတာတော့ မရှိပါဘူး။ လုံခြုံရေးအရ တညနှစ်ည ခေါ်ယူမေးမြန်းတာပဲ ရှိတယ်။ အရင်နှစ်က တိုက်ပွဲဖြစ်တော့ အာစီအက်စ်အက်စ်အဖွဲ့ဝင်တွေကို ဖမ်းထားတာ ၁၀ ယောက်လောက်ရှိတယ်။ သူတို့ကိုလည်း ခံဝန်ချက်နဲ့ အကုန် ပြန်လွှတ်ပေးလိုက်ပြီးပါပြီ။ မနေ့က ၂ ယောက်လွှတ်ပေးတယ်ဆိုတာကတော့ မသိရဘူး။ ကျနော်တို့ဆီကို သတင်းပို့လာတာ မရှိသေးဘူး။ တခါတလေ နယ်မြေထဲမှာရှိတဲ့တပ်က သူတို့ဘာသူတို့  လုံခြုံရေးအရ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်လိုက်တာတော့ ရှိတတ်ပါတယ်။  ရွာသားတွေကိုတော့ ကျနော်တို့ မဖမ်းပါဘူး။” မတ်လက ရွာသားပေါင်း ၉၀ ကျော် အဖမ်းခံရတဲ့ ကိစ္စမှာတော့ ဖမ်းခေါ်သွားတာမဟုတ်ဘဲ ကျေးရွာလုံခြုံရေးကိစ္စ ခေါ်ယူဆွေးနွေးခြင်းသာဖြစ်ပြီး နောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ တီအန်အယ်လ်အေက ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ၂၀၁၅ နှစ်ကုန်ပိုင်းကစ အာစီအက်စ်အက်စ် ရှမ်းပြည်တပ်မတော် နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး ရွာသားတွေမှာ ဟိုဘက်လူ၊ ဒီဘက်လူအဖြစ် စွပ်စွဲဖမ်းဆီးနှိပ်စက်ခံရတာ ရှိသလို  လက်နက်ကြီးထိမှန် ဒဏ်ရာရတာ၊ အိမ်မီးလောင်ခံရတာတွေ၊ ရွာလုံးကျွတ်ထွက်ပြေးရတာတွေ ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024