Home
မြန်မာသတင်း
ဧရာဝတီတိုင်းဒေသကြီး အစိုးရဟောင်း ရန်ပုံငွေအရှုပ်အရှင်း ရှင်းလင်း
သော်ဇင်မျိုး
·
May 11, 2017
ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေ အရှုပ်တော်ပုံကိစ္စဟာ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် နာယကအဖြစ် ဆောင်ရွက်နေတဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက သူတို့နဲ့ မသက်ဆိုင်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်ပါတယ်။ ရှင်းလင်းပွဲကို ပုသိမ်မြို့ အောင်ရတနာ ကုန်စည်ဒိုင်ဝင်းအတွင်းရှိ ဖောင်ဒေးရှင်းရုံးမှာ ဒီကနေ့ မနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အရင် ဧရာဝတီဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကနေ လက်ရှိ ဧရာဝတီ ပညာ၊ ကျန်းမာ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ၅ ဒသမ ၂ ဘီလီယံ လှူဒါန်းခဲ့တာလို့ အစိုးရအဖွဲ့ဟောင်းလက်ထက် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး(ငြိမ်း)လည်း ဖြစ်၊ လက်ရှိဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမောင်မောင်ဝင်းက ဒီကနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ အစိုးရအဖွဲ့ ရန်ပုံငွေကို အသုံးပြုနေတာမဟုတ်ဘဲ အရင် ဖောင်ဒေးရှင်းက လှူဒါန်းငွေကိုသာ အသုံးပြုတာ ဖြစ်တာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ရင် ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ စစ်ဆေးပေးဖို့အတွက် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ဖျာပုံအမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက မေးခွန်း မေးမြန်းခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး စာရင်းစစ်ချုပ်ကို စစ်ဆေးစေမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024