A d v e r t i s e m e n t With Us

လှိုင်းကြမ်းကြား ရေလွှာလျှောစီးရင်း တယောထိုးပြခဲ့သည့် အမျိုးသား (ရုပ်သံ)

ကြမ်းတမ်းတဲ့ ရေလှိုင်းတွေကြားမှာ ရေလွှာလျှောစီးရင်း တယောထိုးပြဖို့ဆိုတာ တော်တော့ကို မလွယ်ကူလှပါဘူး။ ဒါပေမယ့် ပေါ်တူဂီနိုင်ငံမှ အသက် ၃၆ နှစ်အရွယ် ဂီတပညာရှင်တဦးလည်းဖြစ်တဲ့ နူနို ဆန်းတို့စ်ကတော့ ခက်ခဲတဲ့ အရာ ၂ ခုကို တပြိုင်တည်း လုပ်ပြနိုင်ခဲ့ပါပြီ။ ဒီပရောဂျက်ကိုတော့ သူက “သမားရိုးကျမဟုတ်သော နေရာများမှ တယောတလက်” လို့ အမည်ပေးထားခဲ့တာပါ။ နူနိုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက တောင်တက်ခရီးစဉ်တွေနဲ့ ရေလှိုင်းစီးတာတွေ အပါအဝင် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာ တပြိုင်နက်တည်း တယောထိုး စွမ်းရည်ပြသခဲ့သူ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရှပ်ပြေးအမြန်ယာဉ်တစီးနောက်ကနေ ရေလွှာလျှောစီးရင်း တယောထိုး လိုက်ပါလာခဲ့တဲ့ နူနိုကို တွေ့မြင်ရမှာပါ။ ကင်မရာ အနီးကပ်ရိုက်ချက်တနေရာမှာတော့ နူနိုကို Jingle Bells သီချင်းနဲ့အတူ တယောထိုးပြခဲ့တာကို တွေ့နိုင်ပါတယ်။ နူနိုဟာ ငယ်စဉ်ကတည်းက စွန့်စားကစားရတဲ့ အားကစားနည်းတွေကို ဝါသနာပါခဲ့တယ်လို့ ဆိုပါတယ်။ “ကျနော် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက တောင်အမေရိကဒေသက အမြင့်ဆုံးတောင်တွေတက်ချိန်မှာ၊ ဥရောပဒေသက အကြီးဆုံးလှိုင်းတွေစီးချိန်မှာ စတဲ့ သမားရိုးကျမဟုတ်တဲ့ နေရာတွေ တော်တော်များများမှာ တယောထိုးတာကို တပြိုင်တည်း လုပ်ပြခဲ့ဖူးပါတယ်။” ခုလို စွမ်းရည်ပြသနိုင်ဖို့ တကယ်တမ်း မလွယ်ကူလှဘဲ ပြင်ဆင်မှုတွေလည်း အများကြီးလုပ်ခဲ့ရတယ်လို့ နူနိုက ပြောပါတယ်။ “ကျနော့်အသက် ၅ နှစ်လောက်ကတည်းက ဂီတနဲ့ အားကစား ၂ ခုလုံးကို စတင်ခဲ့တာပါ။ ဒီ ၂ ခုလုံးဟာ အဲဒီအချိန်တည်းက ကျနော့်ဘဝရဲ့ အစိတ်အပိုင်းတခုပါပဲ။”

A d v e r t i s e m e n t With Us

More News
Up