ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ တာချီလိတ်တွင် ဖမ်းမိ
DVB
·
May 10, 2017
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၊နေအိမ် တိုက်ခန်းတခုမှာ ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားနဲ့ အိုက်(စ်) မူးယစ်ဆေးတွေကို ဒီကနေ့ ဖမ်းဆီးရမိတယ်လို့ တာချီလိတ် မြို့မရဲစခန်းက ပြောပါတယ်။
တာချီလိတ်မြို့မရဲစခန်း တာဝန်ရှိသူတဦးက "စိတ်ကြွဆေးပြားနဲ့ မူးယစ်ဆေးဝါးတွေ သစ်သီး ထည့်တဲ့ ပလပ်စတစ်ခြင်းထဲမှာ ထည့်ထားတာကို တွေ့ရတာပါ။ စိတ်ကြွဆေးပြားအပြင် မက်အက်ဖတမင်(အိုက်စ်)တွေလည်း ပါပါတယ်"လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ၀ိန်းကျောက်ရပ်ကွက်ထဲကနေ ပါလျှံ (၂) ရပ်ကွက်က နိုင်လင်း (ခ) ဆံရှည်ကို ရောင်းချဖို့အတွက် ဉာဏ်လင်း (ခ) ကတုံးက လာပေးထား တာလို့ ရဲစစ်ဆေးချက်တွေအရ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ စိတ်ကြွဆေးပြား အလုံးပေါင်း ၂ သိန်း ၄ သောင်းကျော်ရှိပြီး အိုက်စ် ကတော့ ၈၅၀ ဂရမ်ရှိတယ်လို့ သိရပါတယ်။
စိတ်ကြွဆေးပြား တစ်လုံးရဲ့ ကာလပေါက်ဈေးကျပ် ၁၅၀၀ ကျော်ရှိပြီး အိုက်(စ်)ပုံဆောင်ခဲရဲ့ ကာလပေါက်ဈေးကတော့ တစ်ဂရမ်ကို ကျပ် ၁၆၀၀၀ ကျော်ရှိတယ်လို့ သိရပြီးခုဖမ်းမိတဲ့ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ကိုဇက်၊ တာချီလိတ်