Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအန်ယူခွဲထွက် ဗိုလ်ချုပ်ထိန်မောင်အဖွဲ့ကို ကမ်းလှမ်း
နေသွင်
·
January 31, 2012
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူခွဲထွက် အဖွဲ့တဖွဲ့ဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင်​ ဦးဆောင်တဲ့ ​ကေအန်ယူ၊​ ​ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး​ကောင်စီ အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တို့ မကြာခင် ရက်ပိုင်းမှာ ငြိမ်းချမ်းရေး ​ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ ယခင် ကေအန်ယူ တပ်မဟာ (၇) အဖွဲ့ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ကေအန်ယူကနေ ခွဲထွက်ပြီး၊  စစ်အစိုးရနဲ့ အပစ်အခတ် ရပ်ခဲ့တာပါ။ [caption id="attachment_20599" align="alignleft" width="300" caption="ဒေါက်တာ တင်မိုသီ "][/caption] လက်ရှိ ဦးသိန်းစိန်ရဲ့ အစိုးရလက်ထက်မှာတော့  ပထမဆုံး ငြိမ်းချမ်းရေး ကမ်းလှမ်းချက်​ ​ဖြစ်တယ်လို့​ ​ကေအန်ယူ၊​ ​ကေအန်အယ်လ်အေအဖွဲ့ရဲ့ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံခြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဒေါက်တာ တင်မိုသီ (Dr Timothy Laklem ) က ပြောပါတယ်။ “ကေအန်ယူ၊​ ​ကေအန်အယ်လ်အေ​ ​ငြိမ်းချမ်းရေး​ကောင်စီနဲ့ အခု အစိုးရသစ်နဲ့ သဘောတူညီချက် လက်မှတ်ထိုးဖို့ ညှိနှိုင်းဖို့ဟာတွေ သမ္မတ ဦးသိန်းစိန်က ဦးခင်စိုးကို လွှတ်လာတယ်။ အဖွဲ့ဝင်တယောက်ပေါ့လေ။ သူတို့အဖွဲ့ အဖွဲ့ဝင်တယောက်ကို လွှတ်လာတယ်။ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တယောက်ကို လွှတ်လာတယ်။ ဒီလ ၁၆ ရက်နေ့က သူတို့အရင်လာပြီးတော့ စကားနဲ့ ဖိတ်ခေါ်တဲ့သဘော၊ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူပြီး လက်မှတ်ရေးထိုးဖို့ကိစ္စတွေ၊ ကျနော်တို့ကို လာရှင်းလင်းပြတယ်။ ပြောရမယ့်ကိစ္စတွေတော့ရှိတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကလည်း ကျနော်တို့က တခါမှ လက်မှတ်ထိုးခဲ့တဲ့ လူမဟုတ်ဘူး။ ရိုးရိုးပဲ သဘောတူညီချက် အရပဲ ငြိမ်းချမ်းရေးကို ဦးတည်သွားတာဖြစ်တယ်။” ဖေဖော်ဝါရီလ ၇ ရက်နေ့ကို နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ စီစဉ်ထားပြီး၊ ဘယ်နေရာမှာ တွေ့မယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဒေါက်တာ တင်မိုသီက ပြောပါတယ်။ ကေအန်ယူ၊ အေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီဘက်က ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်ပြီး၊ ဗဟိုကော်မတီဝင်တွေ သွားရောက်ဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း ဒေါက်တာ တင်မိုသီက ပြောပါတယ်။ အစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စောဘဦးကြီးရဲ့ လမ်းညွှန်ချက်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အခြေခံပေါ်ကနေ ဆွေးနွေးသွားမယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီက ဆိုပါတယ်။ “ငြိမ်းချမ်းရေးဆိုလို့ရှိရင် တိုင်းရင်းသားဒေသတွေမှာကော ပြည်တွင်းမှာပါ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လှမ်းမယ်ဆိုရင် စစ်ရေးက လုံးဝ ရပ်ထားရမှာဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ ပေးဆပ်တာပဲရှိတယ်။ အပေးအယူတို့ဆိုတာ မရှိဘူး။ အဲဒါတွေက ဈေးရောင်း ဈေးဝယ် အဆင့်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးကတော့ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးတော့ မဖြစ်နိုင်ဘူးလို့ ကျနော် ယုံကြည်တယ်။ ဒါကြောင့်မို့ အခုကျနော်တို့ သွားမယ့်ကိစ္စက ဘာလဲဆိုရင် ကျနော်တို့ ရှေ့ခရီး၊ ကရင်လူမျိုးတွေရဲ့ အနာဂတ်၊ ကရင်ပြည်နယ်မှာ ရှိနေတဲ့ လူမျိုးပေါင်းစုံရဲ့ အနာဂတ် ဒါကို ကျနော်တို့က ဆုံးဖြတ်ရမှာ ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ အနာဂတ်အရေးကိုလည်း ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါမှ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် မူမှာ ဆက်ကိုင်ပြီးတော့ လုပ်သွားမယ့် စစ်မှန်တဲ့ဟာကို လုပ်သွားမယ်ဆိုရင်၊ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဘာတွေ မရှိဘူးဆိုရင် ကျနော်တို့က ဘယ်လိုလုပ်ပြီးတော့ ပြည်ထောင်စုကနေ ခွဲထွက်စရာလိုမလဲ နော်။ အဲဒါမျိုးတွေကို တိုင်ပင် ဆွေးနွေးသွားမှာဖြစ်တယ်။ လာပြီးတော့ နိုင်ငံရေးပုံစံမျိုးနဲ့ လက်မှတ်ထိုးပြီးတော့ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးပွားရေးပိတ်ဆို့မှုတွေ ပြုတ်ကျအောင်လုပ်တာတော့ မဟုတ်သေးဘူး။ အဓိကတော့ ဒီနေ့ ဗမာပြည်မှာ ရှိနေတဲ့ လူထုတွေကော၊ တိုင်းရင်းသားနယ်မြေတွေမှာ ရှိနေတဲ့လူထုတွေကော ကရင်တွေကော ဘာအကျိုးရှိလဲ၊ အစိုးရအနေနဲ့ ဘာလက်တွေ့လုပ်မလဲ၊ ဘာလက်တွေ့လုပ်ပေးနိုင်မလဲ။ ကျနော်တို့က အဲဒါကို စဉ်းစားရမှာ ဖြစ်တယ်။” ကေအန်ယူ၊ ကေအန်အယ်အေ ငြိမ်းချမ်းကောင်စီအဖွဲ့ကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က နယ်ခြားစောင့်အသွင်ပြောင်းဖို့  အစိုးရက ဖိအားပေးတာရှိပေမယ့် အဖွဲ့က လက်မခံခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၅ နှစ် အပစ်ရပ်ထားတဲ့ ကာလမှာ အစိုးရဘက်က ပေးထားတဲ့ ကတိမတည်ခဲ့ဘူးလို့ ဒေါက်တာ တင်မိုသီက ဆိုပါတယ်။ ကရင်ပြည်နယ်က လက်ရှိ ဖွံ့ဖြိုးရေး အကြောင်းပြ လုပ်ဆောင်ချက်တွေမှာလည်း ဆွေးနွေးရမယ့် ကိစ္စတွေ ရှိနေတယ်လို့ ဒေါက်တာ တင်မိုသီက ပြောပါတယ်။ “အရင်တုန်းက လုပ်တာက မြန်မြန်ဆန်ဆန်နဲ့ သူတို့လုပ်တာက သူတို့ပြောတဲ့အတိုင်းက ကတိမတည်တဲ့ အပိုင်းတွေ ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး၊ လက်တွေ့ တွေ့နေတာက ကရင်ပြည်နယ်မှာက တချို့နယ်မြေအာဏာပိုင်တွေကနေ စက်မှုဇုန် နယ်မြေတွေကို တရုတ်တို့၊ ကုန်သည်ကြီးများအသင်းနဲ့ ပေါင်းပြီးတော့ ရောင်းစားတယ်။ အဲ့လို ရောင်းစားတော့ သဘောဖြစ်တာ ကျနော်တို့က ငြိမ်းချမ်းရေးကို တကယ်တမ်း စစ်မှန်တဲ့စေတနာနဲ့ လုပ်တဲ့ ပြည်သူပြည်သားတွေအားလုံး ကျွန်ဖြစ်ရတော့မလား။ အခု ကျနော်တို့ ဒီလိုပုံစံအတိုင်း သွားမယ်ဆိုလို့ရှိရင် ကျနော်တို့က စီးပွားရေး ကိုလိုနီကို သူများတွေရဲ့ အနိုင်ကျင့်ခံရတဲ့ အရင်သမိုင်းက ပုံစံမျိုး ပြန်ဖြစ်သွားလိမ့်မယ်။ ဒါကို ကျနော်တို့က သေချာ ဂရုစိုက်ကြည့်ပြီးတော့ လူထုချပြလာတာကို ကျနော်တို့လုပ်ရမယ်။” အကယ်၍ ဆွေးနွေးပွဲမှာ နှစ်ဖက် သဘောတူညီမှုရခဲ့ရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ကို သက်သေထားပြီး လက်မှတ်ထိုးတာမျိုး ဖြစ်အောင် တောင်းဆိုသွားမယ်လို့ ကရင်ငြိမ်းချမ်းရေး ကောင်စီက ဆိုပါတယ်။ -
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024