Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ၃ နိုင်ငံခရီးစဉ်ပြီးဆုံး၊ လန်ဒန်မြို့မှ ပြည်လည်ထွက်ခွာ
DVB
·
May 10, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ဥရောပ ၃ နိုင်ငံခရီးစဉ်ကို အဆုံးသတ်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ မြန်မာနိုင်ငံကို  ပြန်လည်ထွက်ခွာလာတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ညနေက လန်ဒန်မြို့ ဟီးသရိုးလေဆိပ်ကနေ  မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာရာမှာ  ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အန်ဒရူးပက်ထရစ်နဲ့  တာဝန်ရှိသူတွေ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံကို မပြန်ခင် မနေ့က လန်ဒန်မြို့မှာ  ယူကေရောက် မြန်မာအသိုင်းအ၀န်းနဲ့ တွေ့ဆုံခဲ့သလို  မြန်မာသံရုံးနဲ့ စစ်သံရုံး ဝန်ထမ်းမိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၃ နိုင်ငံ တရားဝင်ခရီးစဉ်အဖြစ်  ဥရောပသမဂ္ဂ အီးယူရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ၊ အီတလီနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေကို ဧပြီလ ၃၀ရက်နေ့ကတည်းက စတင်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ - မြန်မာသံရုံး၊ လန်ဒန်မြို့။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024