ရေးမြို့နယ်တွင် ရာဘာပေါင်းခံ မှိုင်းတိုက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
DVB
·
May 10, 2017
မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ကော့ကလှိုင်ခြံစု နတလကျောင်းလမ်းရှိ ငွေလှိုင် ရာဘာရောင်းဝယ်ရေးဆိုင်မှာ ရာဘာပေါင်းခံ မှိုင်းတိုက်နေစဉ် အပူလွန်ကဲရာနေတဆင့် မေ ၉ ရက် မနက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မြို့နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံတပ်ရင်း ခမရ ၆၁ မှ တပ်မတော်သားတွေ၊ မီးသတ်ယာဉ် ၆ စီးနဲ့အတူ တပ်ရေယာဉ် ၂ စီး၊ ပုဂ္ဂလိကရေသယ်ယာဉ် ၁ စီးတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မနက် ၉ နာရီ ၁၅ မိနစ်အချိန်က ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက ပြောပါတယ်။
မီးလောင်မှုမှာ ရာဘာပေါင်းရုံ သွပ်မိုးအုတ်ညှပ်အဆောက်အဦနဲ့ ရာဘာပေါင် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့ရာ တန်ဖိုးငွေကျပ် ၂၄၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးပေါ့ဆစွာ အသုံးပြုခဲ့သူ ဝင်းထိုက်ကို ရေးမြို့မရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - နေမျိုးထွဋ်(ရေး)