Home
မြန်မာသတင်း
ရခိုင်တိုင်းရင်းသားများ၏အသံကို အစီရင်ခံစာတွင် ထည့်သွင်းထားကြောင်း ကော်မရှင်ပြော
DVB
·
May 9, 2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် စပြီးဖွဲ့တဲ့အချိန်ကစပြီး ရခိုင်ပြည်နယ် လွှတ်တော်နဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတချို့ ကော်မရှင်ကို အသိအမှတ်မပြုဘဲ လက်ခံတွေ့ဆုံတာ မရှိခဲ့ပေမယ့် ကော်မရှင်အနေနဲ့ ရခိုင်တိုင်းရင်းသားတို့ရဲ့ အသံတွေကို အစီရင်ခံစာမှာပါအောင် ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ရဲ့ မေလ ၉ ရက် စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် မစ္စတာဂါဆန်ဆလာမီက ဒီဗွီဘီရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။ “ရခိုင်ပြည်နယ်လွှတ်တော်နဲ့ မတွေ့ရတာတော့ ဟုတ်တယ်။ ဒါပေမယ့် ရခိုင်လူထုနဲ့ အဆက်ပြတ်သွားတာတော့ မဟုတ်ဘူး။ စစ်တွေ၊ ရန်ကုန်တို့က ရခိုင် တိုင်းရင်းသားတွေနဲ့ တွေ့တယ်။ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း တွေ့တဲ့အခါကျတော့ ရခိုင်နဲ့ အဆက်ပြတ်တာတော့ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ဘက်ကသာ တွေ့ချင်တယ်ဆိုရင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရော၊ လွှတ်တော်အဖွဲ့ဝင်တွေကလည်း တွေ့ချင်တယ်ဆိုရင် ဒီနေ့လည်း တွေ့လို့ရတယ်။ မနက်ဖြန်လည်း ရှိဦးမယ်။ နောက်ထပ် လာတဲ့အခေါက်တွေမှာလည်း အမြဲတမ်းတွေ့ဖို့ ကြိုဆိုနေပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တွေ့ဆုံခွင့်မရခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာတော့ ရခိုင်ပြည်နယ်က လွှတ်တော်က ရခိုင်အမတ်တွေနဲ့ တွေ့ခွင့်ရပြီး သူတို့ပြောတာတွေ၊ တင်ပြတဲ့ စာတမ်းတွေကို အလေးအနက်ထားပြီး နားထောင် ဖတ်ရှုခဲ့တယ်လို့လည်း မစ္စတာဂါဆန်ဆလာမီက ပြောပါတယ်။ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာကို ၂၀၁၇ မတ်လမှာ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရက လတ်တလော အရေးတကြီးဆောင်ရွက်ရမယ့် ကိစ္စတွေကို အကြံပြု တင်ပြချက် ၁၂ ချက်နဲ့ တင်ပြထားပြီး အဲဒီအထဲက IDP စခန်းတွေ ပိတ်သိမ်းဖို့၊ မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ ကိစ္စတွေကို အစိုးရက စတင်ဆောင်ရွက်နေပါတယ်။ အဖွဲ့ဝင် ၉ ဦးပါတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဟာ စစ်တွေမြို့မှာ မေလ ၉ ရက်နေ့က ၁၀ ရက်နေ့ထိ အစိုးရအဖွဲ့၊ သတင်းမီဒီယာသမားတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024