ပုလောမြို့နယ်၌ မီးဘေးသင့်ကျေးရွာလမ်းများကို မောင်နှမ ၈ ဦးက ဖောက်လုပ်လှူဒါန်း
DVB
·
May 9, 2017
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာက လမ်းတွေကို ဒေသခံ ညီအစ်ကိုမောင်နှမ ၈ ဦးက သိန်းပေါင်း ၁ ထောင်ကျော် အကုန်ကျခံ ထည့်ဝင်လှူဒါန်း ပြီး ကွန်ကရစ်လမ်းတွေ ဖောက်လုပ်ပေးခဲ့ပါတယ်။
လှူဒါန်းခဲ့တဲ့ ရွာပတ်လမ်းတွေကတော့ ၁၂ ပေကျယ်တဲ့ အဓိကလမ်းကို အလျား ၃၇၆၀ ပေ၊ ၉ ပေကျယ်တဲ့ လမ်းသွယ်တွေကို အလျား ၁၅၀၀ ပေအဖြစ် ကွန်ကရစ်ခင်း လှူဒါန်းပေးခဲ့ကာ ဒေသခံတွေက လုပ်အားထည့်ဝင်ကူညီကြပါတယ်။
အလှူရှင် ဦးကြီးဟင်က “ကျေးရွာမှာ အဓိကလိုအပ်နေတဲ့ လမ်းတွေကို ပြုပြင်ဖောက်လုပ်ပေးဖို့ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ တိုင်ပင်နေတာ ၆ လလောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အင်ဂျင်နီယာတွေ မအားလပ်သေးတာရယ်၊ ဆောက်လုပ်ရေးပစ္စည်းတွေ စုဆောင်းနေတာတွေကြောင့် ပြီးခဲ့တဲ့လကမှ စတင်လှူဒါန်းဖောက်လုပ်နိုင်ခဲ့တာပါ။ အားလုံး ကျပ် သိန်း ၁ ထောင်ကျော် ကုန်ကျခံပြီး ရွာပတ်လမ်းအားလုံးကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး စာသင်ကျောင်းအတွက် လိုအပ်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း လှူဒါန်းပေးသွားဦးမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ကျောက္ကာကျေးရွာဟာ ပင်လယ်ထဲက ကျွန်းရွာလေးဖြစ်ပြီး လမ်းတွေ၊ တံတားတွေကို ရေထဲအထိ ထိုးထုတ်တည်ထားတဲ့ရွာ ဖြစ်သလို တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။
တချိန်တုန်းက တောရန်ကုန်လို့ တင်စားခံရတဲ့ ကျောက္ကာကျေးရွာမှာ မီးဘေးမကြာခဏ ကြုံရပြီး မနှစ်က ပေါ့ဆမီးကြောင့် အိမ်ခြေ ၃၀၀ ခန့် မီးလောင်ကျွမ်းခဲ့ကာ တံတားတွေ၊ လမ်းတွေနဲ့ အဆောက်အဦ တော်တော်များများ ပျက်စီးခဲ့ပါတယ်။
မေလ ၈ ရက်နေ့ လမ်းဖွင့်လှစ်တဲ့ အခမ်းအနားမှာ ပုလောမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ တက်ရောက်ကြပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)