နမ္မတူမြို့နယ်တွင် မိုင်းထိသွားသည့် ကိုရင် ၂ ပါး ဒဏ်ရာစိုးရိမ်ရ
DVB
·
May 9, 2017
ရှမ်းပြည်နယ် ကျောက်မဲခရိုင် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာမှာ မနေ့က မိုင်းတလုံးပေါက်ကွဲပြီး ကိုရင်ငယ် ၁၀ ပါး ဒဏ်ရာရရှိသွားရာမှာ ၂ ပါးရဲ့ ဒဏ်ရာ စိုးရိမ်ရတဲ့အတွက် လားရှိုးပြည်သူ့ ဆေးရုံကြီး ခွဲစိတ်ဆောင်မှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။
မေလ ၈ ရက် မနက် ၁ဝ နာရီလောက်က နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာမှာရှိတဲ့ လက်ရှိ အသုံးမပြုတော့တဲ့ တပ်မတော်စခန်းဟောင်း အနီးကပ်နေတဲ့ မြို့မသာသနာ ဘုန်းကြီးကျောင်းက ကိုရင် ၁ဝ ပါးက တပ်စခန်းဟောင်းနဲ့ ဘုန်းကြီးကျောင်းကြားရှိ လယ်ကွက်ထဲကနေ မြေမြှုပ်မိုင်းလို့ ယူဆရတဲ့ မိုင်း ၃ လုံး တွေ့ရှိပြီး မိုင်း ၂ လုံးကို ကျောင်းအတွင်းကို ယူဆောင် ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကိုရင်တွေ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ကိုရင်လေးတွေဟာ ဘုန်းကြီးကျောင်းဝင်းထဲမှာ မိုင်းကို ဘောလုံးလို ကစားရင်း ပေါက်ကွဲဒဏ်ရာရခဲ့တာဖြစ်ပြီး မပေါက်သေးတဲ့ မိုင်းတလုံး ကျန်နေသေးတဲ့အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရေထဲကို သွားရောက် စွန့်ပစ်ဖို့ ရွာသားတွေကို မှာထားတယ်လို့ မိုင်းရင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။