ပညာရေးနဲ့ ပတ်သက်တာက တအားကို လိုအပ်ချက် ရှိပါတယ်
အေးနိုင်
·
January 30, 2012
နိုင်ငံတော်ဘတ်ဂျက်မှာ ပညာရေးအသုံးစရိတ် နည်းနေတဲ့ အကြောင်းနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်ပြီးရင် ကာကွယ်ရေး အသုံးစရိတ်တွေ လျှော့ချပြီး ပညာရေး အသုံးစရိတ်တွေ တိုးပေးဖို့ လိုတဲ့အကြောင်း မွန်ဒေသလုံးဆိုင်ရာ ပါတီဥက္ကဋ္ဌလည်းဖြစ်၊ အငြိမ်းစားပညာရေးမှူး တဦးလည်း ဖြစ်တဲ့ နိုင်ငွေသိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
ပညာရေးလောကသားတွေ မြန်မာပြည်မှာ ရင်ဆိုင်ခဲ့ရတဲ့ ပညာရေးဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ပြည့်စုံလုံလောက်မှု ရှိရဲ့လား၊ ဘာတွေလိုလဲ။
“ပညာရေးနဲ့ ပတ်သက်တာက တအားကို လိုအပ်ချက် ရှိပါတယ်။ တခုမှ ကျေနပ်စရာ အကြောင်းမရှိဘူး။ အထူးသဖြင့် မူလတန်းကျောင်း အားလုံးရဲ့ ၄၆ ရာခိုင်နှုန်းက ဆရာ ၂ ယောက် ကျောင်းဖြစ်နေတယ်။ အခုထိဖြစ်နေတုန်းပဲ။ ဆရာ ၂ ယောက်ကျောင်း ဆိုတာက မြို့မှာတော့မရှိဘူး တောမှာ။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ဝေးလံတဲ့ဒေသတွေမှာ သူငယ်တန်းကနေ လေးတန်းအထိက အတန်းက ၅ တန်းရှိတယ်။ တချို့ကျောင်း တယောက်ကျောင်းတွေ။ အဲဒါမျိုးကျတော့ ဘယ်လိုမှ စာသင်လို့မရဘူး။ စာသင်လို့ရတယ်ဆိုတာက အပြောပဲရှိတာပေါ့။ တကယ်ဆို ဒါက အဓိပ္ပာယ်မရှိတာ။ အဲလိုကျောင်းမျိုးက ၄၆ ရာခိုင်နှုန်းလောက် ရှိတယ်။ အခုကျတော့ အနည်းဆုံးတော့ အဲဒီလောက်ပဲ ပြန်ရှိဦးမယ် ထင်တယ်။ ဆရာ၊ ဆရာမတွေ မလုံလောက်ဘူးပေါ့။ အဲလိုဖြစ်တဲ့ အခါကျတော့ သင်ကြားရေးက ဘယ်လိုမှ အခု ကလေးဗဟိုပြုသင်ကြားနည်း (စီစီအေ) လို့ ပြောနေတယ်။ အဲဒီ စီစီအေ ဆို ဘယ်လိုသွားသင်မလဲ။ ဒီထိုင်းမှာကျတော့ တတန်းကို ဆရာ၊ ဆရာမ ၂ ယောက်လောက် အမြဲရှိနေတယ်။ သူတို့က တယောက်ချင်းကို သူတို့အာရုံပေးနိုင်တဲ့ သဘောရှိတယ်။ ကျနော်တို့ဆီမှာက အဲလိုမျိုးက နောက်ဆုံးပေါ် ကလေးဗဟိုပြုသင်ကြားနည်းက ဘယ်လိုမှ သင်လို့မရဘူး။ ပြောရင်လည်း ညာပြောနေတာပါပဲ။ ဒါပါပဲ။ ဆရာ၊ ဆရာမတွေ အပြည့်အဝချပေးဖို့ လိုတယ်။
[caption id="attachment_20565" align="alignleft" width="300" caption="နိုင်ငွေသိန်း"][/caption]
“လွန်ခဲ့တဲ့ ကျနော်တို့ ပညာရေးဌာနမှာ ရှိတုန်းကဆို ဆရာ၊ ဆရာမ ၃ သိန်းကျော်ကျော်လောက်ရှိတယ်။ အမှန်တကယ်ဆို ဆရာ၊ ဆရာမ ၆ သိန်းလောက်ရှိမှ ပြည့်စုံမယ့်အနေအထား ရှိတာပေါ့။ တကျောင်းကို ဆရာ ၃ ယောက်၊ ဆရာ ၂ ယောက်၊ ဆရာ ၁ ယောက် ဒါတွေက မဖြစ်သင့်တာ၊ အနည်းဆုံး မူလတန်းကျောင်းတကျောင်းမှာ ဆရာ ၈ ယောက် ရှိဖို့လိုတယ်။ ဆရာရှိဖို့လိုတယ်ဆိုတာက ရသ လည်းသင်ရမယ်၊ ကာယလည်း သင်ရမယ်၊ ကျောင်းစာလည်း သင်ရမယ်။ တတန်းမှာဆိုရင် ပိုပြီး ဂရုစိုက်နိုင်အောင် အခု ဝန်ကြီးဦးသန်းအောင်တို့ ထုတ်ထားတဲ့ ကိုယ်ရည်ကိုယ်သွေးမှတ်တမ်း ဆိုတာလည်းပဲ ဆရာ၊ ဆရာမတွေ စားပွဲပေါ်မှာ ဖြည့်နေကြတာပဲ။ ဆရာမကြို ၂ မှတ်။ ဘုရားပန်းတင်တယ် ၁ မှတ်။ အဲလိုတွေ လျှောက်လုပ်နေရတယ် ဆိုတဲ့အခါကျတော့ အမှန်တရားဟူသည် ကလေးတွေအတွက် ကိုယ်ရည်ကိုယ်သွေးမှတ်တမ်းမှာ ဖြည့်ရုံတင် မရဘူး။ ဒါလည်း တခုပေါ့။ နောက်တခုက ဆရာ၊ ဆရာမတွေအားလုံးကို အစိုးရဘက်က ကြည့်မယ်ဆိုရင် ကိုယ်ရည်ကိုယ်သွေးမှတ်တမ်းကို ကလေးဗဟိုပြုသင်ကြားနည်းနဲ့ ပြောသာပြောနေတာ။ သင်တန်း သေချာ ခေါ်တာ မရှိဘူး။ လက်ထောက်မြို့နယ် ပညာရေးမှူးတွေ တပါတ်လောက် သင်တန်းပေးလိုက်တယ်။ တပါတ်ဆိုတာ ၅ ရက်။ အဲဒီဆင်းလာတဲ့ အခါကျတော့ ဒီဆရာ၊ ဆရာမတွေကို သုံးရက်ပဲ ခေါ်ပြီး သင်ပေးတယ်ဆိုတာ ပုံပျက်နေတဲ့ သင်နည်းပဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သင်တန်းပဲ။ အဲဒီသင်တန်းတွေလည်း အများကြီးဖွင့်ဖို့လိုတယ်။ တပြည်လုံးမှာ ဖွင့်ဖို့လိုမယ်။ ဒါကြောင့် ဒါတွေလည်းပဲ ငွေကြေးအကုန်အကျ အများကြီးကုန်မှာပါ။
“ကျနော်တို့က စာသင်တဲ့အခါကျရင် တစ် ကိုယ်ပိုင်အတွေးအခေါ် လိုချင်တယ်။ ဘယ်အတန်းပဲသင်သင်၊ သူ့အလိုက်နဲ့ သူ့အတန်းနဲ့ ကိုယ်ပိုင်အတွေးအခေါ် လိုချင်တယ်။ ကိုယ်ပိုင်အတွေးအခေါ်က ခုနပြောတဲ့ တကျောင်းမှာ ဆရာနှစ်ယောက်ပဲရှိတယ်။ ဘယ်လိုမှ မသင်နိုင်ဘူး။ တတန်းမှာ အယောက် ၂၀ လောက် ရှိတာ ကိုယ်ပိုင်အတွေးအခေါ်ရအောင် သင်မယ်။ သူတွေးမယ်၊ ဘာခေါ်မလဲ။ သင်ခန်းစာတခုပေါ့။ မိုးရွာတဲ့အကြောင်း ပြောမယ်ဆိုရင် မိုးဆိုတာနဲ့ သူ့ဟာသူတွေးမယ်။ သူ့ဟာသူ ဆွေးနွေးမယ်။ ပြီးတဲ့အခါ ထိုးထွင်းတီထွင်နိုင်စွမ်းရှိတဲ့ ကိုယ်ပိုင်အတွေးအခေါ်။ မင်းတို့ ဒီမိုးဟာ နွေမှာလည်း ရွာဖို့ရှိမယ်ဆိုရင် ရှိနိုင်တယ်။ ပြီးမှ မိုးရွာများသွားတယ်။ ဘာဖြစ်လဲ၊ ဘယ်နေရာ ဘာဖြစ်တယ်၊ ဒါတွေက အဆင့် သုံးဆင့်လုံးကို ဘယ်အတန်းပဲ သင်သင် လုပ်ပေးဖို့ လိုတာပေါ့။ အခုက ဒီလိုမျိုး တွေးခေါ်တာတွေ လုံးဝမရှိဘူး၊ ကလေးက မအားဘူးဗျ။ မိုးချုပ်မိုးလင်း ကျူရှင်၊ တချိန်လုံး အားကစားလည်း ဘာမှမရှိဘူး။ လက်မောင်းကလေးတွေ သေးသေးလေးပဲရှိတော့တယ်၊ ကာယမရှိဘူးဆိုရင် ဦးနှောက်က ဘယ်လိုမှမပြည့်ဝဘူး။ အလုပ် မလုပ်နိုင်ဘူးဆိုတာ သိတယ်လေ။ အရင်က ကာယဆရာရှိတယ်၊ ပန်းချီဆရာရှိတယ်၊ ရသဆရာရှိတယ်။ အခုက ဘာမှမရှိတော့ဘူးဆိုတော့ ဖြည့်မယ်ဆိုရင် ဆရာဆရာမက အခြေခံပညာမှာတင်ပဲ ၆ သိန်းလောက် လိုတယ်လို့ ကျနော်တို့ အကြမ်းဖျင်းတွက်တယ်လေ။”
နိုင်ငံတော်ကနေ ချမှတ်ပေးတဲ့ ဘတ်ဂျက်နဲ့ ဘယ်လိုမျိုး နှီးနွှယ်ဆက်စပ်နေတယ်ဆိုတာ ပြောပြပေးပါလား။
“ဆရာ၊ ဆရာမတွေက အစောပိုင်းက ဦးရေ ၃ သိန်းလောက်ရှိတယ်။ မူလတန်း။ အခုန ကျနော် အဆိုပြုတာ ၆ သိန်းလောက် ရှိဖို့လိုတယ်ဆိုရင် ဘတ်ဂျက်က အများကြီးချပေးဖို့ လိုတယ်။ ဘတ်ဂျက်က ပညာရေးဌာနက အသုံးစရိတ်က အသေးသုံးဆိုတာ ခေါင်းစဉ် တော်တော်များပါတယ်။ ခေါင်းစဉ်များတယ်ဆိုတာက လစာတို့ ဘာတို့က သူ့ခေါင်းစဉ်နဲ့ သူပေါ့။ ကျောင်းမှာ ဘာတွေ ဝယ်မယ်၊ မြေဖြူဝယ်တာကအစ အားလုံးပေါ့။ အားလုံးကတော့ တိုးပေးဖို့ လိုတယ်။ အစစ အရာရာ လိုတယ်။ မတိုးပေးဘူးဆိုရင် ဆရာ၊ ဆရာမတွေက ကလေးတွေဆီကပဲ ကောက်ရမယ်။ သိတဲ့အတိုင်းပဲ။ ကလေးတွေက ဒီကျောင်းမှာသုံးတဲ့ ပစ္စည်းအတွက် ပေးရတယ်။ ဆရာ၊ ဆရာမတွေ ကျူရှင်အတွက်လည်း ပေးရတယ်။ ကျောင်းဆောက်ရင်လည်း ပေးရတယ်။ ကျောင်းပြင်ရင်လည်း ပေးရတယ် ဆိုတဲ့ အနေအထားက သိပ်များနေပြီ။ ကျနော်တို့က အခုန ကျောင်းဆောက်တာတို့ ကျောင်းပြင်တာတို့ မိဘပဲပေးတယ် ထားလိုက်တော့၊ ဒါပေမယ့် ဒါတွေမဖြစ်သင့်ဘူး။ အားလုံးက အစိုးရအနေနဲ့ အားလုံးကို တာဝန်ယူဖို့ ကောင်းတယ်။ အဲဒီလို ကလေးတွေဆီက မဖြစ်စလောက်လေးတွေတော့ ကိစ္စမရှိပါဘူး။ အားလုံး မြေဖြူကနေစပြီး ကလေးတွေ ပေးနေရတဲ့ အနေအထားမှာ ရှိနေတယ်။”
ကာကွယ်ရေးအသုံးစရိတ်ကတော့ သန်း ၂၀၀၀၊ ပညာရေးကတော့ သန်း ၃၅၀ ဆိုတော့ အဲဒီ ၂ ခုကို ယှဉ်ပြောပြပါလား။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးလည်း ဖြစ်နေပြီဆိုတော့ ဗမာပြည်မှာ ကာကွယ်ရေးအသုံးစရိတ်နဲ့ ဆရာကြီးကလည်း ညွှန်မှူးအဖြစ်နဲ့ သွားဖူးလာဖူးတယ်။ ဘယ်လိုဖြစ်စေချင်လဲ ဘတ်ဂျက်ခွဲဝေမှုမှာ။
“ဖြစ်စေချင်တာက ဥပမာ မူလတန်းက အခြေခံပညာမှာ ဆရာ၊ ဆရာမ ၆ သိန်းလောက် ဖြစ်သင့်တယ်။ အထက်တန်းမှာရှိတဲ့ တက္ကသိုလ်ကောလိပ်မှာ ကျောင်းတွေမှာ ရှိတဲ့ဆရာ၊ ဆရာမတွေလည်း သူတို့ သိန်းနဲ့ချီရှိတာပဲ။ အဆ၂၀။ ကျနော်ပြောတာ နည်းတောင်နည်းသေးတယ်။ ခုနက အပစ်အခတ် ရပ်စဲရေး ပြီးသွားပြီ။ ဟိုဘက်က အတတ်နိုင်ဆုံး ကာကွယ်ရေးစရိတ်ကို လျှော့ပြီးတော့ ဒီဘက်မှာ တိုးဖို့ကောင်းမယ်လို့ သဘောရတယ်။ ဒါပေမယ့် ဟိုဘက်က လခတိုးပေးရမယ်။ ဒီဘက်လည်း တိုးပေးရမယ်၊ ဆိုတော့ အတတ်နိုင်ဆုံးတော့ လူနည်းနည်းနဲ့ စစ်တပ်မှာရှိမယ်။ လူများများနဲ့ ပညာရေး၊ ကျန်းမာရေးမှာ ရှိမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်တာပဲ။ လူနည်းနည်း ဆိုတဲ့နေရာမှာ မလိုအပ်တော့ဘူးဆိုရင် ငြိမ်းချမ်းရေး ရပြီးရင်တော့ မလိုအပ်တော့ဘူး ထင်တာပဲ။”