ဝမ်းတွင်းမြို့ လေပြင်းတိုက်ခတ်၊ ရွာ ၂ ရွာရှိအိမ် ၁၇ လုံးပျက်စီး
DVB
·
May 8, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ချိုင်းရွာနဲ့ ကျွဲတပ်ရွာမှာ မေလ ၇ ရက်ည ၇ နာရီ လောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ တယ် လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ကျ ရုံးအုပ်ကြီး ဦးအောင်ကျော်ဦး က “မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကွင်းဆင်းကြည့်တယ်။ နေဖို့စားဖို့ စီစဉ်ပေးတယ်။ သွပ်မိုးလန်တာကို မိုးကာတွေ သက်ငယ်တွေနဲ့ပြန်တင်ပြန်မိုးလုပ်ကြတယ်၊ ကျွဲတပ်ရွာက ဦးကိုနိုင် အိမ်လေးပင် သုံးပင်တခုလုံး ပြိုကျပေမယ့် မီးဖိုကျန်သေးတော့ မီးဖိုထဲမှာ မိသားစုတွေနေတယ်။ ထောက်ပံ့မှုအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနကို တင်ပြထားတယ်” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနဒုညွှန်မှူး ဦးနေမင်းထွန်း “စာရင်း အပြည့်အစုံတော့ မရသေးဖူး။ အိမ်တခုလုံးပြိုရင် နှစ်သိန်း ထောက်ပံ့တယ်။ အမိုးလန် အကာ ပျက်ကတော့ ၁ သောင်းမှ ၁ သိန်းအတွင်း ထောက်ပံ့ပါတယ်။ ထောက်ပံ့ရေး ပစ္စည်းအနေနဲ့ အမိုးလန် ၁၀ မျိုး အိမ်တခုလုံး ၁၉ မျိုးထောက်ပံ့တယ်။ အနေအစားခက်ခဲတဲ့ အနေအထားကို လူတစ်ယောက်ကို ၂၁၀၀ ကျပ် တပတ်စာထောက်ပံ့ပါတယ်”လို့ ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှင် က “အမိုးလန်အကာပျက် ဒုက္ခရောက်သူတွေရွာက လူတွေနဲ့ နေလို့ဖြစ်အောင် ကူညီပေးတယ်။ လူဦးရေစာရင်းကတော့ ပြုစုနေဆဲပါ” လို့ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၂၉ သိန်းလောက် ခန့်မှန်းထားပြီး မြို့နယ်မှဌာနဆိုင်ရာတွေ ပရဟိတ အဖွဲ့တွေနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)