ကျိုင်းတုံမြို့နယ်တွင် ရွာသား ၁ ဦး ဒူးလေးဖြင့် ပစ်ခံရ၍သေဆုံး
DVB
·
May 8, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ယန်းဝိုးရွာမှာ မေလ ၅ ရက် ညနေပိုင်းက ရွာသားတဦးက မူးယစ်ရမ်းကားပြီး ဒူးလေးနဲ့ ပစ်ခတ်ခဲ့လို့ ကျေးရွာသား ၁ဦး သေဆုံးခဲ့တယ်လို့ ကျိုင်းတုံမြို့မရဲစခန်းက ပြောပါတယ်။
သေဆုံးသွားသူ ဦးစိုင်းဆမ်တွီဟာ ကတ်ဖကျေးရွာရှိ မင်္ဂလာဆောင်တခုမှအပြန် ယန်းဝိုးရွာ ဘုန်းကြီးကျောင်းနားမှာ တရွာတည်းနေ စိုင်းဆမ်(ခ)ရွှေအ ဆိုသူက ဝါးချွန်မြားတံနဲ့ ၂ ချက် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ကို ထိမှန်ပြီး မှောက်ရက်လဲကျစဉ် ထင်းခုတ်ဓားနဲ့ ကုပ်ကို တချက်ခုတ်ပြီး ဒူးလေးလက်ကိုင်နဲ့ ထပ်မံရိုက်နှက်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တာပါ။
သေဆုံးသွားသူရဲ့ သမီးဖြစ်သူ မနန်းလာ(ခ)အီလာက တွေ့မြင်ပြီး အော်ဟစ် အကူအညီတောင်းရာမှာ စိုင်းဆမ်က ထွက်ပြေးသွားခဲ့ပါတယ်။
မေလ ၆ ရက်နေ့မှာ စိုင်းဆမ်ဟာ မူးယစ်ပြီးရွာမှာ ထပ်မံရမ်းကားနေတဲ့အတွက် ကတ်ဖကျေးရွာအုပ်ချုပ်ရေးမှူးက ကတ်တောင်နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့လို့ ရဲက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
စိုင်းဆမ်ကို ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးမေးမြန်းစဉ် ည ၅ ရက်နေ့က လူသတ်မှုဖြစ်စဉ်ကို သိရှိရပြီး သေဆုံးသူရဲ့ သမီးဖြစ်သူ မနန်းလာက အမှုဖွင့် တိုင်ကြားခဲ့ တာကြောင့် ကျိုင်းတုံမြို့မရဲစခန်းက (ပ)၇၃/၂၀၁၇၊ ပုဒ်မ ၃၀၂နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ရွာဓလေ့အရ ညတွင်းချင်း မီးသဂြုင်္ိဟ်ခဲ့ပြီးဖြစ်ပါတယ်။
သတင်း၊ဓာတ်ပုံ- သားသား/အာကာထက်