Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၃ နိုင်ငံ ခရီးစဉ်နဲ့ ကြက်ဥအရောင်
DVB
·
May 8, 2017
  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပသမဂ္ဂရဲ့ဌာနချုပ် တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ၊ အီတလီနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်မယ့် ဥရောပ ၃ နိုင်ငံခရီးစဉ်ကို ဧပြီလ ၃၀ ရက်နေ့က စတင်ထွက်ခွာခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့၂၀၁၇ ခုနှစ် မတ်လတုန်းက ဥရောပသမဂ္ဂက ဦးဆောင်တင်ပြခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ တွေ့ရှိထားချက်တွေအပေါ် အခြေခံပြီး ဖြစ်ရပ်မှန်တွေ ရှာဖွေစုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ အချက်အလက် စုံစမ်းရှာဖွေရေးအတွက် စုံစမ်းရေးကော်မတီတရပ် ဖွဲ့စည်းစေလွှတ်မယ့် ကိစ္စနဲ့ ပတ်သက်မယ်လို့ ယူဆရပါတယ်။ ဗြိတိန်နိုင်ငံကတော့ သူ့ကို ချီးမြှင့်မယ့် လန်ဒန်မြို့တော် လွတ်လပ်မှုဆုကို တက်ရောက် လက်ခံယူဖို့လည်း ပါပါတယ်။ တခြား သံတမန်ရေးရာကိစ္စတွေလည်း ပါမှာပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မစတင်ခင် ဧပြီလ ၂၇ ရက်နေ့က လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဥရောပသမဂ္ဂ ဒါရိုက်တာ Lotte Leicht နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှဌာနခွဲ အမှုဆောင်ဒါရိုက်တာ Brad Adams တို့ နှစ်ယောက် ပူးတွဲပြီး ဘရပ်စ်ဆဲလ်မှာရှိတဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk နဲ့ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒရေးရာ အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini တို့ဆီကို ဒေါ်အောင်ဆနိးစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စာတစောင် ရေးသားပေးပို့ခဲ့တာ တွေ့ရပါတယ်။ သူတို့က မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပျက်နေဆဲ ဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြ ဖြစ်မိတဲ့အကြာင်းနဲ့ နိုင်ငံအကြံပေးပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်ရောက်လာမယ့် ကာလအတွင်း ဒီကိစ္စတွေကို တင်ပြဆွေးနွေးပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရေးသားပေးပို့ရတဲ့အကြောင်း ဖော်ပြထားပါတယ်။ သူတို့ အဓိက ပူပင်မိတာတွေထဲမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရခိုင်ပြည်နယ်တွင်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေမှုတွေ၊ တိုးများလာနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ အစိုးရကို ဝေဖန်သူတွေအပေါ် တရားစွဲဆို အပြစ်ပေးနေတဲ့ သက်ရောက်မှုတွေ အပါအဝင် လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေအပေါ် ဆက်လက်ကန့်သတ်ချုပ်ချယ်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီရဲ့ အခွင့်အာာဏာအရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး စုံစမ်းရေးကော်မတီရဲ့ လာရောက် အချက်အလက်ရှာဖွေ စစ်ဆေးမှုတွေကို အပြည့်အဝ ပူးပေါင်းဆောာင်ရွက်ပေးစေချင်တာ ဖြစ်တယ်လို့လည်း သူတို့ရဲ့စာထဲမှာ ရေးသားဖော်ပြထားခဲ့ပါတယ်။ ဒီအချက်အလက်ရှာဖွေစုံစမ်းရေးအဖွဲ့ဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နိုင်ဖို့၊ အဲဒီချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှုကို လုပ်ပေးနိုင်ဖို့၊ အနာဂတ် ကာလမှာ အဲဒီလို ချိုးဖောက်ကျူးလွန်မှုတွေ မဖြစ်ပေါ်ရအောင် အကာအကွယ်ပေးနိုင်ဖို့တွေအတွက် အရေးပါတဲ့အတွက် အဲဒီအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့ အစိုးရအဖွဲ့နဲ့ မြန်မာစစ်တပ်ကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးဖို့၊ ဖိအားပေး တိုက်တွန်းပေးဖို့ ကျနော်တို့က တောင်းဆိုရတာ ဖြစ်ပါတယ်လို့လည်း သူတို့က ဖော်ပြပြောဆိုခဲ့ပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုမှုတွေအပြင် ပြည့်စုံခြုံငုံမိတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကဲဖြတ်မှုတွေ လုပ်ဆောင်နိုင်ဖို့ အဖွဲ့အစည်းတွေကို ခွင့်ပြုဖို့ အပါအဝင် ရခိုင်ပြည်နယ်ကို ပေးပို့နေတဲ့ ကူညီထောက်ပံ့မှုတွေ အပေါ် ကန့်သတ်ချုပ်ချယ်ထားမှုတွေအားလုံးကို အမြန်ဆုံး ဖယ်ရှားပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုပေးဖို့ကိုလည်း သူတို့က ဥရောပကောင်စီဥက္ကဋ္ဌနဲ့ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌန့ အဆင့်မြင့် ကိုယ်စားလှယ်တို့ကို တိုက်တွန်းထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ အဲဒီလို ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူဆောင်ရွက်ရာ၊ ချိုးဖောာက်ကျူးလွန်ခဲ့သူတွေကို ဖော်ဆောင် သတ်မှတ် ထိန်းချုပ်ပေးရာလည်းကျမှာ ဖြစ်တယ်လို့လည်း သူတို့က တင်ပြထားပါတယ်။ အဲဒီလို လူ့အခွင့်အရေး စောင့်ကြည့်ရေးဌာနဆိုင်ရာ အကြီးအကဲ နှစ်ယောက်ရဲ့ စာနဲ့ ရေးသား တင်ပြ တောင်းဆိုမှုကို ဥရောပကောင်စီ ဥက္ကဋ္ဌကရော ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ သမဂ္ဂ အဆင့်မြင့်သံတမန် နှစ်ဦးစလုံးက အလေးအနက် လက်ခံခဲ့ကြပါ တယ်။ လက်ခံတဲ့အတိုင်းလည်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။ ထိပ်တန်းသံတမန် Ms.Mogherini က သတင်းထောက်တွေကို ပြောကြားရာမှာ “အချက်အလက်ရှာဖွေစုံစမ်းရေးအဖွဲ့က ပြီးခဲ့တဲ့အချိန်က ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့ အမှန်တရားကို တည်ဆောက်ပေးဖို့ အဓိကထားပါတယ်၊ ကျမတို့က ဒီအဖွဲ့ဟာ အချက်အလက်တွေကို ဖော်ပြတည်ဆောက်ပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ ရပ်ရင်း ပြောကြားခဲ့ပါတယ်။ အဲဒီ ထိပ်တန်းသံတမန် Ms. Ms.Mogherini နဲ့လည်း အတော်မပြေမလည်ဖြစ်ခဲ့ရတယ်လို့ သိခဲ့ရပါတယ်။ ကျနော်တို့ရဲ့ အမြင်အရကတော့  ဒေါ်အောင်ဆန်းကြည်ဟာ သူရဲ့ခရီးစဉ်အတွင်း ရိုဟင်ဂျာကိစ္စမှာ သူ့ကို အချက်အလက်ရှာဖွေစုံစမ်းရေးကော်မရှင်ကို အပြည့်အဝ ကူညီအားပေးမှု ပေးဖို့ သူ့ကို အတင်း ဖိအားပေးပြောဆိုနေတဲ့ အီးယူ ထိပ်တန်းသံတမန် Ms. Ms.Mogherini ကို သူ့ရဲ့မိန်းမသားစိတ်နဲ့ တုံ့ပြန်ချင်တာကတပိုင်း၊ အဖေ မှာတဲ့အတိုင်း စစ်အာဏာရှင်တွေ ငြိုငြင်သွားမှာစိုးလို့၊ စစ်တပ်နဲ့ ပြန်လည်သင့်မြတ်ရေးကို ထိခိုက်မှာစိုးလို့ဆိုတဲ့ အကြောင်းတွေနဲ့ အကြောင်းကြောင်းတွေကြောင့် ဒီမိုကရေစီ ခေါင်းဆောင်တွေ လိုက်နာဆောင်ရွက်ရမယ့် ကုလသမဂ္ဂရဲ့ ဦးစီးဆောင်ရွက်မှုတွေနဲ့ တိုက်တွန်းပြောဆိုမှုတွေကိုတောင် ဆတ်ဆတ်ထိမခံနိုင်ဖြစ်ခဲ့ရလို့ မြန်မာစကားအရဆို ခွန်ုးကြီးခွန်းငယ် ဖြစ်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ သူတို့ နှစ်ယောက် ပူးတွဲကျင်းပပေးခဲ့ရတဲ့ သတင်းစာရှင်းလင်းပွဲမှာ တယောက်နဲ့ တယောက် တင်းမာမှုတွေ ဖြစ်ခဲ့ကြတယ် ဆိုတာကိုလည်း အထင်အရှား တွေ့မြင်ခဲ့ရပါတယ်။ အစောပိုင်းကာလ ဝေဖန်မှုတွေမှာတော့ ဖခင် မြန်မာ့လွတ်လပ်ရေး သူရဲကောင်း သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ မျိုးတုံးသတ်ဖြတ်မှုတွေ မရှိခဲ့ဘူးလို့ ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ နောက်တခုကတော့ ဒီအပတ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ခ်ဆ် တေလာဆန်နဲ့ ဝါရှင်တန်မှာ အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ၁၀ နိုင်ငံ အစည်းအဝေးမှာလည်း  တခြားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတူ တွေ့ဆုံဖို့ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တရုတ်ထက် အနောက်အင်အားကြီးကဒ် တွေကို အဓိက ကိုင်စွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးပြီးနောက်ပိုင်းမှာ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံမှုကာလ အတော်ရှိလာတဲ့အချိန်မှာ သဘောထားပြောင်းလာပြီး အနောက်နဲ့ ဥရောပတို့ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု တွန်းအားတွေကို တရုတ်အလိုကျ၊ မြန်မာစစ်အာဏာရှင်တွေရဲ့ အလိုကျများ လိုက်လျောပးခဲ့ပြီလားလို့ သံသယရှိစရာ ဖြစ်လာပါတယ်။ မကြာခင်ကပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဒါးရက် မစ်ချဲက ဂျပန်နိုင်ငံထုတ် Nikei Asian Review မှာ မြန်မာနိုင်ငံအစိုးရအပေါ် ဝေဖန်ထားထားတဲ့ ဆောင်းပါးတပုဒ် ရေးသားဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ တကယ့် အရေးကြီးတဲ့ ဝန်ကြီးဌာနတွေမှာ အရည်အချင်းမပြည့်မီတဲ့ ဝန်ကြီးတွေ ခန့်ထားတာ၊ စီးပွားရေးနဲ့ပတ်သက်တဲ့ ရှင်းလင်းတိကျတဲ့ မူဝါဒ ချမှတ်နိုင်မှုမရှိတာတွေနဲ့ အစိုးရရဲ့ ပထမဆုံးနှစ်မှာ ဖြစ်သင့်တဲ့ ရှုမြင်သုံးသပ်မှုတွေ ချမှတ်တာ၊ နိုင်ငံရေး မဟာမိတ်တွေ အခိုင်အမာ တည်ဆောက်တာတွေ လုပ်သင့်ပါရဲ့နဲ့ မလုပ်နိုင်ခဲ့တဲ့အတွက် သူ လွန်ခဲ့တဲ့ နှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ပျက်စရာတွေ တွေ့ခဲ့ရတယ်လို့ ဝေဖန် ရေးသားခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ သိခဲ့ရတာတွေထဲမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာတခုမှ ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့တဲ့အတွက် တိုင်းရင်းသားတွေက အံ့သြနေကြတာကို သိခဲ့ရသလို ဘယ်လိုကိစ္စ ကြီးငယ်မဆို ဒေါ်အောင်ဆန်းစုကြည် အဆုံးအဖြတ်နဲ့သာ စီမံအုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးပိုင်း ညံ့ကျမှုတွေကိုလည်း တွေ့ရှိခဲ့ရကြောင်း ဖော်ပြသွားခဲ့တာ တွေ့ရပါတယ်။ အရင် သူ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခါစနဲ့ ရွေးကောက်ပွဲမဝင်ခင်ကာလက နိုင်ငံတကာမှာ တကယ့် ဒီမိုကရေစီ သူရဲကောင်းပြယုဂ်အဖြစ် ထင်ရှား လူကြိုက်များခဲ့တဲ့ ခေါင်းဆောင်တယောက်ဟာ ခုတော့ နိုင်ငံတကာခရီးစဉ်တွေမှာ အဖြေရကျပ် ခက်ခဲတဲ့ မေးခွန်းတွေကိုသာ ရင်ဆိုင်နေခဲ့ရ သဘောတရားအရ အမှန်တွေကိုသာ ဖြေနိုင်ပြီး တကယ့်လက်တွေ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ရှေ့နောက်မညီတဲ့ အဖြေတွေ၊ အပြောတွေကို ပေးနေတာသာ တွေ့ရပါတယ်။ ခု ကမ္ဘာ့ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်ရှာဖွေ စုံစမ်းစစ်ဆေးရေး နိုင်ငံတကာ အဖွဲ့တခု စေလွှတ်ဖို့ ဆုံးဖြတ်တာကိုလည်း စစ်အာဏာရှင် အလိုကျ ကန့်ကွက်ငြင်းဆန် မပူးပေါင်းမဆောင်ရွက်နိုင်ပါဘူးလို့ နိုင်ငံတကာရှေ့မှောက်မှာ အတိအလင်း ငြင်းဆိုခဲ့တဲ့ အလားအလာအရတော့ သူ အရင်က လူထုအင်အားကဒ်ကို မသုံးဘဲ နိုင်ငံတကာ ကဒ်ကို ဆက်လက်သုံးစွဲဖို့များ ဆက်ပြီး သုံးစွဲချင်နေတယ်ဆိုရင်တော့ အောင်မြင်ဖို့ အလား အလာ အများကြီး နည်းသွားမယ်လို့ ယူဆရပါတယ်။ ကြက်ဥအရောင်ကတော့ ဥပုပ် အရောင်များ….။   ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024