A d v e r t i s e m e n t With Us

ပြင်သစ်နိုင်ငံတဝန်း  သမ္မတ ရွေးကောက်ပွဲကျင်းပ

ပြင်သစ်နိုင်ငံမှာ နောက်တက်လာမယ့် သမ္မတသစ်ကို ရွေးကောက်တင်မြှောက်ဖို့  နိုင်ငံတဝန်းက မဲရုံ ၆ သောင်းခွဲကျော်လောက်မှာ ဒီကနေ့မနက်ကစပြီး  မဲဆန္ဒရှင်တွေ မဲပေးရွေးချယ်နေကြပါတယ်။ ဒုတိယအကျော့နောက်ဆုံး သမ္မတလောင်း ရွေးပွဲမှာ ဘဏ်လုပ်ငန်း ရင်းနှီးမြှုပ်နှံသူဟောင်းတဦးဖြစ်ခဲ့တဲ့ နိုင်ငံအလယ်အလတ်ဝါဒီ အမ်မာ နျူရယ် မက်ခရွန် (အသက် ၃၉ နှစ်)နဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒီ မစ္စ မာရီနာလီပန်း (အသက် ၄၈ နှစ်)တို့ အကြိတ်အနယ် ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ကြတာပါ။ နိုင်ငံရပ်ခြားမှာ ရှိနေကြတဲ့ ပြင်သစ်နိုင်ငံသားတွေနဲ့ ပြင်သစ်ပညာရှင်တွေ စတင်မဲပေးနေကြသလို ပြည်တွင်းက မဲရုံတွေမှာတော့ မေလ ၇ ရက်နေ့ မနက် ၈ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ည ၇ နာရီမှာ ပိတ်တယ်လို့ သိရပါတယ်။ အချို့မြို့ကြီးတွေမှာတော့ မဲရုံတွေကို ည ၈ နာရီတိုင်အောင် ဖွင့်ထားမယ်လို့ ဆိုပါတယ်။ ပထမအကြော့ သမ္မတလောင်းရွေးပွဲကို  ဧပြီလ ၂၃ ရက်နေ့ကကျင်းပရာမှာ သမ္မတလောင်း ၁၁ ဦး ယှဉ်ပြိုင်ခဲ့ရာပြီး  ယခု သမ္မတလောင်း ၂ ဦးက ထိပ်ဆုံးက အနိုင်ရရှိခဲ့တာပါ။ မစ္စတာ မက်ခရွန်က လစ်ဘရယ် နိုင်ငံရေးအမြင် မျှတသူတဦး ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု ထောက်ခံသူ ဥရောပသမဂ္ဂကို ခိုင်ခိုင်မာမာ ထောက်ခံသူလည်း ဖြစ်ပါတယ်။ မစ္စလီပန်းကတော့ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်တွေကို ဆန့်ကျင်ပြီး ပြင်သစ်သည်သာ ပထမဆိုတာနဲ့ မဲဆွယ်စည်းရုံးလှုံ့ဆော်ခဲ့သူပါ။ မစ္စလီပန်းက ပြင်သစ်နိုင်ငံကို ဥရောပသမဂ္ဂကနေ နုတ်ထွက်စေချင်ပြီး ပြင်သစ်နိုင်ငံရဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်မှုနဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲ ကျင်းပချင်သူလို့လည်း သိရပါတယ်။ ရွေးကောက်ပွဲမှာ မစ္စတာမက်ခရွန် အနိုင်ရမယ်လို့ ခန့်မှန်းနေကြပေမယ့် မဲမပေးသူဦးရေ မြင့်တက်မှုက မစ္စတာမက်ခရွန်ရဲ့ သမ္မတဖြစ်နိုင်မယ့် အခွင့်အရေးကို ထိခိုက်နိုင်တယ်လို့လည်း လေ့လာဆန်းစစ်သူတွေက ပြောကြောင်း ဘီဘီစီသတင်းမှာ ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up