Home
မြန်မာသတင်း
အရက်တောင်းသောက်ပြီး စကားများရာမှ ဓားဖြင့်ထိုး၊ အမျိုးသား ၁ ဦးသေဆုံး
DVB
·
May 7, 2017
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မြပဲခူးကျေးရွာအုပ်စု ကျေးပင်ပေါက်ကျေးရွာမှာ ဒီနေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်က အရက်တောင်းသောက်ရာမှာ စကားများရန်ဖြစ်ကာ ဓားနဲ့ ထိုးခဲ့တဲ့အတွက် အမျိုးသား ၁ ဦး နေရာမှာပင် သေဆုံးခဲ့တယ်လို့ ကညွတ်ကွင်းနယ်မြေရဲစခန်းက ပြောပါတယ်။ သေဆုံးသူဦးအုန်းလှိုင် (ခ) ဦးပုလင်း နေအိမ်မှာရှိနေစဉ် တရွာတည်းနေ မြင့်နိုင်ဦး ဆိုသူက ကျေးရွာအတွင်းဝက်ပေါ်နေရာမှ ဦးအုန်းလှိုင်နေအိမ်ကို ရောက်ရှိလာပြီး အရက်မေးရာမှ စကားများရန်ဖြစ်ကာ အသင့်ပါလာတဲ့ အရိုးအသွား ၁၅ လက်မ လောက်ရှိ ဓားနဲ့ ဦးအုန်းလှိုင်ရဲ့ ဝဲဘက်ရင်အုံကို တချက်ထိုးခဲ့တာမှာ ဦးအုန်းလှိုင်ဟာ နေရာမှာပင် သေဆုံးခဲ့တယ်လို့ ကညွတ်ကွင်းနယ်မြေရဲစခန်းက ပြောပါတယ်။ “အဖိုးကြီးက လူအေးဗျ။ ဘာရန်ငြိုးရန်စမှ မရှိဘူး။ အခုဖြစ်တာက သူ့အိမ်အဆင့်မှာ ထိုင်နေတာ ဓားနဲ့ထိုးတဲ့ ကောင်လေးက အရက်ရှိလား မေးတာ၊ ရှိတယ် ရှိတာပေါ့၊ ငါလည်း သောက်မယ် ပြောပြီး ထတာ၊ အဲဒီမှာ ကောင်လေးက တချက်ထဲ ထိုးသွားတာ။ ပြီးတော့ အိမ်ရှေ့က အုန်းပင်ငုပ်မှာ ဓားကို ဆိုက်ထားခဲ့ပြီးထွက်သွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ “သေတဲ့လူကတော့ နှစ်လုံးထုပ်ချင်းပေါက်သွားတယ်။ ပြီးတော့ နံရိုးတချောင်း ကြိုးတယ်။ အဲဒီ ဒဏ်ရာနဲ့ သေတာပါ။ အခြားပြင်ပ ဒဏ်ရာတော့ မရှိပါဘူး"လို့ ကညွတ်ကွင်းမြို့ ဆေးရုံအုပ် ဆရာဝန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ မြင့်နိုင်ဦးကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲစခန်းက သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024