အိုင်အယ်လ်အို အရာရှိများ အဓမ္မလုပ်အားပေးကိစ္စွ ရန်ကုန်တွင် ဆွေးနွေး
ပီတာအောင်
·
January 27, 2012
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) က လက်ထောက်ညွှန်ကြားရေးမှူး Guy Ryder နဲ့အဖွဲ့ မြန်မာနိုင်ငံ ရောက်ရှိနေပြီး ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ မြန်မာပြည်တွင်းက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး အဓမ္မလုပ်အားပေးကိစ္စနဲ့ အလုပ်သမား အခွင့်အရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာပြည်အနှံ့က အဓမ္မလုပ်အားပေး စေခိုင်းခံရသူတွေအရေး ကူညီဆောင်ရွက် ပေးနေသူတွေ၊ အလုပ်သမားတွေနဲ့လယ်သမားတွေ အပါအဝင် လူဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲတက်ရောက်တဲ့ အိုင်အယ်လ်အို ဆက်သွယ်ကူညီဆောင်ရွက်သူများ ကွန်ရက်တာဝန်ခံ ဦးသက်ဝေက အခုလိုပြောပါတယ်။
“ကျနော်တို့ဘက်က လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ပတ်သက်ပြီးတော့ အခု လွှတ်တော်ကနေ ဥပဒေကြမ်း ထုတ်လိုက်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဟိုတုန်းက ဖဆပလ ပါလီမန် လက်ထက်တုန်းက ဥပဒေပေါ့။ အလုပ်သမားအခွင့်အရေးကာကွယ်တဲ့ ဥပဒေအချက် ၃၀ ကို ပြန်လည်ပြီးတော့ အသက်ဝင်အောင် ဆောင်ရွက်ပေးဖို့ အကြံပေးတိုက်တွန်းခဲ့တယ်။
“အဓမ္မ အလုပ်ခိုင်းစေမှုတွေ၊ လိမ်လည် သွေးဆောင်ဖြားယောင်းပြီးတော့ လုပ်ခကြေးငွေတွေကို မက်လောက်အောင် ပေးပါမယ်လို့ နှုတ်ကတိပေးပြီး လုပ်ခကြေးငွေတွေက နည်းပြီး၊ ပြန်လို့မရအောင် မှတ်ပုံတင်တွေ သိမ်းထားတာ၊ အလုပ်သမားတွေက လုပ်ခလစာနဲ့ မညီမျှတဲ့ လုပ်အားပေးအလုပ်ကို လုပ်ပေးနေရတဲ့အတွက် ပြန်ချင်တဲ့အခါမှာ ပြန်မရဘဲနဲ့ နောက်ဆုံးမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း မရှိဘူး။
“အလုပ်ကနေထွက်ပြီး ပြန်မယ်ဆိုရင် ဖမ်းဆီးပြီးတော့ ထောင်ချထားတယ် ဆိုတာတွေကို ဒီနေ့တက်ရောက်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရောက်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်ခဲ့တဲ့ ကိုမျိုးမင်းက ဆွေးနွေးတယ်။ ဒီကိစ္စတွေအပေါ်မှာ သူတို့အနေနဲ့ တိုင်တန်းမှုတွေရှိမယ်ဆိုရင် အဲဒီဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ လေ့လာစုံစမ်းပြီး ဆောင်ရွက်ဖို့ကို အလုပ်သမားဝန်ကြီးဌာနကို တိုက်တွန်းမယ်လို့ ပြောသွားတယ်။”
ကွန်ရက်အနေနဲ့ မြန်မာနိုင်ငံတွင်းက အဓမ္မလုပ်အားပေးစေခိုင်းမှု ဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေမှာ ရုံးခွဲတွေ ဖွင့်လှစ်ပေးဖို့နဲ့ အထက်မြန်မာပြည်မှာ အိုင်အယ်လ်အို ဆက်သွယ်ရေးရုံးဖွင့်ဖို့ အိုင်အယ်လ်အို အရာရှိတွေကို သဘောထား ကြေညာချက်တစောင် ပေးပို့ တောင်းဆိုခဲ့တယ်လို့လည်း ကွန်ရက်ရဲ့ ပြန်ကြားရေးတာဝန်ခံ မငြိမ်းချမ်းမေက ပြောပါတယ်။
“ကျမတို့ ဒီနေ့စာတမ်းထဲမှာ အဓိက ထောက်ပြချင်တဲ့ အရာကတော့ လွတ်လပ်စွာအသင်းပင်း ဖွဲ့စည်းခွင့်ရယ်၊ အလုပ်သမား လူတန်းစားတွေရဲ့ နစ်နာမှုတွေကို အိုင်အယ်လ်အိုအနေနဲ့ ဘယ်လိုမျိုး ပိုမိုပြီး ကောင်းမွန်စွာ ဆောင်ရွက်နိုင်မယ် ဆိုတာရယ်၊ နောက်ပြီးတော့ ဒီလိုမျိုး ဖြစ်ပျက်နေတဲ့ အလုပ်သမားတွေနဲ့အတူ ကျမတို့ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်ကနေ တသားတည်း ရပ်တည်မယ်ဆိုတဲ့ ကြေညာချက်တွေ ကြေညာခဲ့ပါတယ်။”
ဒါ့ပြင် လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့စည်းခွင့်ပေးဖို့၊ အဓမ္မ အလုပ်စေခိုင်းသူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူဖို့ အိုင်အယ်လ်အိုကို လွတ်လပ်ဘေးကင်းလုံခြုံစွာ ဆက်သွယ် တိုင်တန်းခွင့်ပေးဖို့ကိုလည်း မြန်မာအစိုးရကို တောင်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုများ ပပျောက်ရေးအတွက် စုစည်းညီညွတ်စွာနဲ့ တိုင်တန်းကြဖို့ကိုလည်း ပြည်သူလူထုကို အိုင်အယ်လ်အို ဆက်သွယ် ကူညီဆောင်ရွက်သူများ ကွန်ရက်က တောင်းဆိုထားပါတယ်။
အိုင်အယ်လ်အို အရာရှိတွေကတော့ မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး စေခိုင်းမှုတွေ ဆက်ဖြစ်နေတာကို စိုးရိမ်ပူပန်တဲ့ အကြောင်းနဲ့ အဓမ္မ လုပ်အားပေးမှုတွေ လုံးဝ ပပျောက်သွားအောင် အစိုးရကို တိုက်တန်းသွားမယ်လို့ကတိပြု ပြောဆိုခဲ့တယ်လို့သိရပါတယ်။