Home
မြန်မာသတင်း
ပြည့်တန်ဆာ ဥပဒေကြမ်း ရေးဆွဲရန်ပြင်ဆင်
ပိုင်စိုး
·
May 6, 2017
ပြည့်တန်ဆာတွေကို နှိပ်ကွပ်တဲ့ ဥပဒေကို ဖျက်သိမ်းပြီး အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ် ရေးဆွဲဖို့ တရားလွှတ်တော်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ အစိုးရဌာနဆိုင်ရာတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြင်ဆင်နေပါတယ်။ ပြည့်တန်ဆာဆိုင်ရာ ဥပဒေညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ မေလ ၅ ရက်နေ့က ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ Right to Health Activism Myanmar က ဦးကျော်ဇေယျာဆွေက“ နှိပ်ကွပ်တဲ့ ဥပဒေကို ဖျက်သိမ်းမယ်။ အသစ်ရေးဆွဲမယ်လို့ ဆုံးဖြတ်တယ်။ ဒီဥပဒေအသစ်က ပြည့်တန်ဆာတွေကို ယေဘုယျအားဖြင့် အကာအကွယ်ပေးမယ်။ လူမှုရေး ပြစ်ဒဏ်တွေတော့ ရှိနိုင်တယ်။ သူတို့ကို ခေါင်းပုံဖြတ်တာ၊ မတရား အနိုင်ကျင့်တဲ့ သူတွေကိုတော့ ပြစ်ဒဏ် ချမှတ်မယ်။ အဲလို အချက်တွေပါမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ အားလုံးက ထောက်ခံရင် ဥပဒေပြုဖို့ မခက်ဘူးလို့ တရားလွှတ်တော်ချုပ်ရုံးနဲ့ ရှေ့နေချုပ် ရုံးတွေကပြောတဲ့အကြောင်းနဲ့ လာမယ့် ၁၇ ရက်နေ့မှာ ဥပဒေကြမ်း စပြီးရေးဆွဲမယ်လို့ လည်း ဦးကျော်ဇေယျာဆွေက ပြောပါတယ်။ ဆွေးနွေးပွဲကို ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ တရားလွှတ်တော်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ အကျဉ်းဦးစီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တာဝန်ရှိ သူတွေ တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်လာသူတွေက ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကြောင့် ပြည့်တန်ဆာတွေ ပပျောက်မသွားဘဲ ကျန်းမာရေး၊ လူမှုရေး ပြဿနာတွေကို ရင်ဆိုင်နေရတယ်လို့  ဆွေးနွေးခဲ့ကြပါတယ်။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေကို ၁၉၅၆ ခုနှစ်မှာ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ အက်ဥပဒေအဖြစ် ပထမအကြိမ်ပြင်ဆင်ပြီး ၁၉၉၈ ခုနှစ်မှာ ဒုတိယအကြိမ် ပြင်ဆင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024