Home
မြန်မာသတင်း
သထုံတွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နေ
DVB
·
May 6, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံဓာတ်အားပေးစက်ရုံဝင်းထဲမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နဲ့  လျှပ်စစ်ဓာတ်အား ပမာဏ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်ရှိမယ့် သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နေပါတယ်။ သထုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ အင်ဂျင်နီယာမှူး ဦးကျော်သက်က “မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့ ပြတ်တောက်မှုတွေကိုကြုံတွေ့ နေရတယ်။ ဒါတွေကို အသက်သာဆုံးဖြစ်အောင်နဲ့ လျော့နည်းသွားအောင် တည်ဆောက်ရခြင်းဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၆ ဇန်န၀ါရီလလောက်က စတာပါ။ လက်ရှိအချိန်မှာတော့ စက်ရုံအဆောက်အဦကလည်း ပြီးတော့မယ်။ ဒါပြီးရင် ဇွန်လလောက်မှာ စက်အရံပစ္စည်းတွေ ဒီကိုသယ်တော့မယ်။ စီမံကိန်းတခုလုံးဆိုရင်တော့ ၂၀၁၈ နှစ်ဆန်းပိုင်းလောက် ပြီးဖို့ မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း ၁၄၀ နဲ့တည်ဆောက်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။ အဆိုပါစက်ရုံမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဖို့ လေထုထဲသို့ ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ၊ ဆူညံသံထုတ်လွှတ်မှု အဆင့်တို့ကို ကမ္ဘာ့ဘဏ်ရဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားပြီး စက်ရုံက ထွက်တဲ့ ရေဆိုး၊ ရေညစ်တွေကို ရေသန့်စင်စက်နဲ့ ပြန်လည်သန့်စင်ကာ ထွက်လာတဲ့ ရေသန့်တွေကို စက်ရုံအတွင်း ပြန်လည်အသုံးပြုသွားမယ်လို့ သိရပါတယ်။ စက်ရုံမှာ ပြင်သစ်ထုတ် ဓာတ်ငွေ့တာဘိုင် ၂လုံး၊ တရုတ်ထုတ် ဘွိုင်လာ ၂လုံးနဲ့ ရေနွေးငွေ့တာဘိုင် ၁ လုံးတို့ကို တပ်ဆင်မှာဖြစ်ပြီး စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှု ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်ရှိမှာဖြစ်ပါတယ်။ စက်ရုံက ထွက်တဲ့  ဓာတ်အားတွေကို ၂၃၀ ကေဗီနဲ့  မဟာဓာတ်အားလိုင်းတွေကို ပေးပို့ မှာဖြစ်ပြီး  စက်ရုံသစ် ပြီးစီးသွားပါက လက်ရှိလည်ပတ်နေတဲ့  သထုံသဘာဝ ဓာတ်ငွေ့သုံးစက်ရုံကို အရံအဖြစ် ထားရှိသွားမှာဖြစ်တယ်လို့ စက်ရုံက စုံစမ်းသိရပါတယ်။ သတင်း - ယူမင်းစိုး ဓာတ်ပုံ = သက်ဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024