နားကောင်းမူးရွာ လေဘေးသင့်အိမ်ထောင်စု ၁၂ စု ကို ကူညီထောက်ပံ့
DVB
·
May 6, 2017
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာမှာ လေပြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုတွေအတွက် တာဝန်ရှိသူတွေက ငွေသားနဲ့ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ဧပြီ ၂၇ ရက် ညနေပိုင်းက လေပြင်းဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စု ၁၂ စုအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန(ကျိုင်းတုံခရိုင်) ပေးပို့လာတဲ့ ထောက်ပံ့ငွေသားနဲ့ ပစ္စည်းတွေကို အစိုးရကိုယ်စား မိုင်းတုံ့မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က မေလ ၅ ရက်နေ့မှာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
“ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ထောက်ပံပေးမှုအရ ကျိုင်းတုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပေးပို့လာတဲ့ ငွေသားကျပ်(၁၁၃၀၀၀၀)နဲ့ ထောက်ပံ့ပစ္စည်း ပုဆိုး၊ မိန်းမဝတ်လုံချည်၊ တဘက်နဲ့ ဆပ်ပြာတောင့် တတောင့်စီကို လုံးဝပျက်စီးမှုများတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခဲ့တာပါ" လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်းက ဆိုပါတယ်။
အဆိုပါလေကြမ်း ၀င်ရောက်မှုကြောင့် လူနေအိမ် ၁၂ လုံးနဲ့ ဈေးဆိုင်ခန်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးတဲ့ အိမ်ထောင်စု ၁၂ စုကို တအိမ်ထောင်ချင်း ဆုံးရှုံးမှုတန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်း တွက်ချက်ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အောင်ဇေယျ(မိုင်းတုံ)