Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် တပ်မတော်နှင့်ကေအန်ယူ ပူးပေါင်း မိုင်းရှင်းလင်းမည်
ကျော်ဇေယျာဝင်း
·
May 6, 2017
ကရင်ပြည်နယ်မှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)တို့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောပါတယ်။ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ရဲ့ အစည်းအဝေးအပြီး  ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောဆိုလိုက်တာပါ။ “ကေအန်ယူအဖွဲ့ကနေပြီးတော့ သူတို့ဘက်မှာရှိတဲ့  ဥပမာ မြိတ်ဆိုရင်လည်း သူတို့က မိုင်းနဲ့ပတ်သက်ပြီးတော့  ဖြစ်စဉ်လည်းမရှိကြောင်း မိုင်းလည်း မရှိဘူး၊ ဖြစ်စဉ်လည်းမရှိဘူးလို့ JMC-S အဖွဲ့ဝင်တွေ လာပြောတာရှိတယ်။ နောက်မွန်ပြည်နယ်မှာလည်း မရှိဘူးပေါ့။   မွန်ပြည်နယ်မှာ မိုင်းဖြစ်စဉ်က ရှိကိုမရှိဘူး။ အန်စီအေထိုးပြီးတဲ့နောက်ပိုင်းပေါ့နော်။အဲဒါသူတို့ ပြောလာတဲ့အတွက် ကျနော်တို့က အထူးသဖြင့်တော့ ရှင်းလင်းမယ်ဆိုရင်တော့ JMC-S ကရင်ပေါ့နော်။ ကရင်ဘက်ခြမ်းကို ဆောင်ရွက်သွားဖို့တော့ စဉ်းစားထားတာရှိပါတယ်။ ” တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အခန်း ၃၊ ပုဒ်မခွဲ (င) မှာ နှစ်ဖက်တပ်တွေ ခင်းကျင်းထားတဲ့ မိုင်းတွေကို ရှင်းလင်းဖို့နဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်တွေ ကို အစိုးရနဲ့ညှိနှိုင်းပြီး လုပ်ဆောင်သွားရမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူစာချုပ် အန်စီအေ ထိုးပြီးနောက်ပိုင်း ခွဲထွက်အဖွဲ့တွေကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်မှာ မဟုတ်ဘူးလို့လည်း  ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောပါတယ်။ “ကျနော်တို့ အန်စီအေကို လက်မှတ်ရေးထိုးထားဖို့အတွက်၊ လက်မှတ်မထိုးခင်ကလည်း အန်စီအေဖြစ်ပေါ်လာအောင်  ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အဖွဲ့တွေရှိပါတယ်။ ဒီအဖွဲ့တွေပဲ ကျနော်တို့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။ ဒီအန်စီအေထိုးပြီးနောက်ပိုင်းမှ ဘယ်ခွဲထွက်ပဲ အဖွဲ့ဖြစ်ဖြစ် ခွဲထွက်တဲ့အဖွဲ့တွေကို ကျနော်တို့က ဘာမှ သတ်မှတ်မှာ မဟုတ်ပါဘူး။” ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  အနေနဲ့  အန်စီအေလက်မှတ် ရေးထိုးပြီးတဲ့အဖွဲ့တွေနဲ့ အစည်းအဝေးလုပ်နေတာ အခုတကြိမ်ဆိုရင်  ဆယ်ကြိမ်မြောက်ရှိခဲ့ပါပြီ။ ဒီအစည်းအဝေးဟာ အန်စီအေလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအကြား ပစ်ခတ်မှုတွေမဖြစ်ပွားအောင်နဲ့ ဖြစ်ပွားခဲ့တဲ့ထိတွေ့မှုတွေကို စောင့်ကြည့်ဆွေးနွေးတဲ့ ပုံမှန်အစည်းအဝေး ဖြစ်ပြီး မေ ၃ ရက်ကနေ၅ ရက်အထိ ကျင်းပခဲ့တာပါ။ ပြည်ထောင်စုအဆင့် JMC ( U ) နဲ့ ပြည်နယ်အဆင့် JMC ( S ) တွေဟာ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေထပ်မံမဖြစ်ပွားအောင် စောင့်ကြည့်မယ့် အဖွဲ့တွေဖြစ် ပြီးအန်စီအေ စာချုပ်အရ ၂၀၁၅ နိုဝင်ဘာ ၁၈ ရက်မှာဖွဲ့စည်းခဲ့ကြပါတယ်။ ဓာတ်ပုံ- Karen news
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024