Home
မြန်မာသတင်း
မူးပြီး မောင်းသူများကို အရေးယူနိုင်ရန် အရက်မူးတိုင်းကိရိယာများ လှူဒါန်း
နေဖြိုးဝင်း
·
May 5, 2017
ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေဖို့ အရက်မူးတိုင်းကိရိယာ ၁၀၀ ကို HEINEKEN MYANMAR ကုမ္ပဏီက  နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကို ဒီကနေ့ လှူဒါန်းပါတယ်။ HEINEKEN MYANMAR အနေနဲ့ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းစည်းရုံးလှုံ့ဆော်တဲ့လုပ်ငန်းကို ၂၀၁၅ ခုနှစ် ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အတွက် အရေးကြီးတဲ့အချက် ၇ ချက်ကို ထုတ်နုတ်အသိပညာပေးခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဒါရိုက်တာတဦးဖြစ်သူ ဟိုးလီးဘော့စ်တော့က ပြောပါတယ်။ "ဒီအချက် ၇ ချက်ထဲက တချက်ဖြစ်တဲ့ အရက်သေစာသောက်စားပြီး ကားမမောင်းရဘူးဆိုတဲ့အချက်ကို ဒီနှစ်ထဲမှာ ပိုပြီးအဓိကထားပြီး ပညာပေးသွားမှာပါ။ အဲဒီရည်ရွယ်ချက်နဲ့ ဒီပစ္စည်းတွေကို လှူဒါန်းတာဖြစ်ပါတယ်။" ကုမ္ပဏီအနေနဲ့ အရက်မူးတိုင်းကိရိယာတွေအပြင် မော်တော်ယာဉ်တွေမှာ ကပ်ထားနိုင်တဲ့ “မူးယစ်ကင်းမှမောင်းနှင်ပါ” ပညာပေးစာတန်းပါ စတေကာပေါင်း  ၂၇၀၀၀ ခုကိုလည်း လှူဒါန်းသွားပါတယ်။ လှူဒါန်းရရှိလာတဲ့ အရက်မူးတိုင်း ကိရိယာတွေကို စတင်အသုံးပြုသွားမှာဖြစ်ပြီး မူးပြီး မောင်းလို့ဖြစ်တဲ့ ယာဉ်တိုက်မှုတွေ လျော့နည်းသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။ "လှူဒါန်းတဲ့ဟာ ၉၀ ခုကို မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ကို လွှဲအပ်ပါမယ်။ အဲမှာ စတင်ပြီးတော့ လမ်းပေါ်မှာ အသုံးပြုမှာဖြစ်ပါတယ်။ မူးပြီးမောင်းလို့ ယာဉ်တိုက်မှုဖြစ်တာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မူးပြီးမောင်းလို့ ဖြစ်တဲ့ ယာဉ်တိုက်မှုတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမယ်လို့ ယုံကြည်ပါတယ်။" ၂၀၁၆ ခုနှစ် ဇန်န၀ါရီကနေ ဒီဇင်ဘာလထိ ယာဉ်တိုက်မှုပေါင်း ၁၇၃၈၄ မှု၊ ဒဏ်ရာရမှု ၂၇၇၆၃ နဲ့ သေဆုံးမှု ၄၈၈၇ ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024