Home
မြန်မာသတင်း
အစိုးရကတာဝန်ပေးပါက ဦးသိန်းစိန်အစိုးရလက်ထက်စာရင်းများကို ပြန်စစ်ဆေးပေးမည်
အောင်ဆန်းဦး
·
May 5, 2017
လက်ရှိအစိုးရအဖွဲ့ကသာ ညွှန်ကြားလာမယ်ဆိုရင် ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်တာကာလအတွင်းက အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေရဲ့ စာရင်းဇယားတွေကို စစ်ဆေးပေးသွားမယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် တနှစ်တာအတွင်း လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ မေလ ၄ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ရာမှာ ပြောသွားတာပါ။ စာရင်းစစ်ချုပ် ဦးမော်သန်းက “အဆင့်အမြင့်ဆုံးက ခိုင်းလာမယ်ဆိုရင် ပြန်စစ်ပါဆိုရင်တော့ စစ်ပေးရမယ်။ သို့သော် ၂၀၁၅-၁၆ ကတော့ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဦးဆောင်တဲ့ အဖွဲ့အသစ်နဲ့ ၂၀၁၅-၁၆ ခုနှစ်ကတော့ စစ်ထားပြီးသား ဖြစ်ပါတယ်။ အဲတော့ ကျန်ခဲ့တဲ့ ၅ နှစ်စလုံးကို ပြန်စစ်ဖို့ဆိုတာကတော့ ကျွန်တော်တို့ကို ညွှန်ကြားရင်တော့ စစ်ရမှာပါ။”လို့ပြောပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေက တင်ပြလာတဲ့ စာရင်းဇယားတွေအပေါ် စစ်ဆေးရတာဖြစ်တဲ့အတွက် တရားဝင်တင်ပြမလာတဲ့ နောက်ကွယ်က ငွေကြေးအရှုပ်တော်ပုံတွေကိုတော့ မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံအလွဲသုံးစားမှု ပေါ်ပေါက်ခဲ့သလို ပြည်သူတွေနဲ့ မီဒီယာတွေက ကူညီဖော်ထုတ်ပေးဖို့လည်း စာရင်းစစ်ချုပ် ဦးမော်သန်းကပြောပါတယ်။ “ဧရာဝတီတို့ မကွေးတို့လိုကိစ္စပေါ့။ ကျနော်တို့ စစ်တာကတော့ တင်ပြတဲ့အပေါ်မှာ အဓိကထားစစ်တာပါ။ သက်သေခံအထောက်အထားတွေ အများကြီး လိုပါတယ်။ စောစောက ကျနော်ပြောတဲ့ မီဒီယာတို့ ဘာတို့ကနေပြီးတော့ ဖော်တယ်ဆိုရင် ဒါလည်းပဲ အထောက်ထားတခုပါပဲ။ အဲဒီအထောက်အထားတွေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ လိုက်ပါဆောင်ရွက်ပါမယ်” ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ အခြားဌာနတွေရဲ့ စာရင်းဇယားတွေအပေါ် လိုက်လံစစ်ဆေးနေရတဲ့ဌာနဖြစ်တဲ့အတွက် အဂတိကင်းရှင်းတဲ့ ဝန်ထမ်းတွေဖြစ်ဖို့ လိုအပ်ပြီး အဂတိလိုက်စားမှု တစုံတရာ တွေ့ရှိခဲ့ပါက အားနာထောက်ထားတာမျိုးမလုပ်ဘဲ ဖော်ထုတ် ရေးသားကြဖို့ စာရင်းစစ်ချုပ် ဦးမော်သန်းက မီဒီယာတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024