A d v e r t i s e m e n t With Us

ကွတ်ခိုင်တွင် တရားမဝင်သစ် ၁၂ ဘီးကား ၂ စီး ဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်မြို့နယ်မှာ တရားမဝင်ပိတောက်သစ်တွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးကား ၂ စီးကို ဒီနေ့မနက်ပိုင်းက ဖမ်းဆီရမိခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ အကောက်ခွန်ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “သတင်းရတော့ နယ်မြေရဲတပ်ဖွဲ့တို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီးတော့ သိန္နီကျော် ကွတ်ခိုင်နယ် မန်ပိန်းရွာမှာ သွားမိတယ်။ သစ်ကားတွေက ညနေ ၅ နာရီမှာ ထုံးဘိုကတ္တားကနေ ထွက်သွားပြီလို့ မနက် ၂ နာရီခွဲအကျော်မှာ သတင်းရလို့ တညလုံးစောင့်တယ်။ ကားတွေကို ပိတ်လိုက်၊ ပြန်ဖွင့်ပေးလိုက်လုပ်တယ်။ အဲတာကို အဲ ၂ စီးက ဖွင့်ပေးတဲ့အချိန်မှာ ထွက်သွားတယ်။ ထွက်သွားတော့ ဦးလေးတို့ သတင်းဆက်က အဲကားကတော့ သိန္နီကျော်သွားပြီလို့ ၆ နာရီမှာ သတင်းပေးတဲ့အတွက် သွားဖမ်းမိတာပါ” လို့ ပြောပါတယ်။ ကား ၂ စီးဟာ ရေပူဂိတ် ဖွင့်လိုက် ပိတ်လိုက်လုပ်နေတဲ့ကာလမှာ ဂိတ်ဖွင့်ချိန်ကို အခွင့်ကောင်းယူပြီး မောင်းသွားခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။ “မနက်က ၄ နာရီကစ ပိတ်ပြီးစစ်တာ။ လားရှိုးထိ အဲမှာ ကားတွေသိပ်မရှိတော့ဘူး။ တွေ့တဲ့ ကားတွေလည်း အကုန်စစ်တယ်။ ဒီကား ၂ စီး မတွေ့ဘူး။ မတွေ့တော့ ခဏနားလိုက်တဲ့ အချိန်မှာ ဒီကား ၂ စီးက ကျော်သွားပြီလို့ ၆ နာရီကျော်မှာ သတင်းကရတယ်” ပြောပါတယ်။ ကားပေါ်ပါ တရားမဝင်ပိတောက်သစ်တွေဟာ အရည်အသွေးကောင်းတဲ့ သစ်တွေဖြစ်တယ်လို့ ပြောပါတယ်။ “သစ်ကတော့ ကွတ်ခိုင် သစ်တောလွှဲဖို့ စီစဉ်နေတယ်။ အခုမိတဲ့ ကား ၂ စီးနဲ့ လူ ၂ ယောက်ကိုလည်း ကွတ်ခိုင်ရဲစခန်းကို လွှဲဖို့ ပြင်စဉ်နေပါတယ်။ ကိုယ်တို့က ဒီမှာပါတဲ့ လူတွေကိုပဲ တရားစွဲရတယ်။ ဒီမှာက ဖမ်းထားလို့လည်း မရဘူး။ ထွက်ပြေးလည်း သေနတ်နဲ့ ပစ်ခွင့်မရှိဘူး။ ရဲစခန်းရောက်မှပဲ သူတို့က စစ်ဆေးအရေးယူပါလိမ့်မယ်” သူက ဆက်ပြောပါတယ်။ သစ်တန်ချိန်၊ ကားပိုင်ရှင်၊ သစ်ပိုင်ရှင်တွေနဲ့ပတ်သက်လို့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သတင်း - နိုင်နိုင်၊ Photo- ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

A d v e r t i s e m e n t With Us

More News
Up