အမြန်လမ်းမကြီးပေါ် ထိုင်း၊ စင်ကာပူ၊ မလေးရှား နိုင်ငံသားများ ဆိုင်ကယ်မောင်းနှင်
DVB
·
May 4, 2017
မြန်မာနိုင်ငံ မြို့ကြီး ၃ မြို့နဲ့ အမြန်လမ်းမကြီးပေါ်မှာ ACE RIDE 2017 မော်တော်ဆိုင်ကယ်မောင်းနှင်ပွဲ ကျင်းပနေပြီး ထိုင်း၊ စင်္ကာပူ၊ မလေးရှား နိုင်ငံသား အယောက် ၄၀ ပါဝင်မောင်းနှင်မှာ ဖြစ်ပါတယ်။
မေ ၃ ရက်နေ့မှ မေ ၅ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်မှာလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲမှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
“သူတို့က မနေ့ကတည်းက လာတာ။ မြဝတီဘက်ကနေ လာတာ။ ဒီမနက် ၁၀ နာရီလောက်ကတော့ ဘောနက်ကြီးဘက်ကနေ ဘုရာကြီးဘက်ကို ပြန်ထွက်သွားပြီ။ ဒီမနက် နေပြည်တော် တိုးဂိတ်ကိုတော့ ၇ နာရီလောက်က ပြန်ဖြတ်သွားတယ်။ ကျနော်တို့က အမြန်လမ်းပေါ် ဖြတ်တဲ့အချိန်လောက်ပဲ သိတာပေါ့။ အခြားအပိုင်းတော့ မသိပါဘူး” လို့ အမြန်လမ်းရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါခရီးစဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ Honda Wing Bike Club မှ ဦးဆောင်ကျင်းပတဲ့ ACE RIDE 2017 စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်ခဲ့စဉ် မြန်မာနိုင်ငံကို ဖြတ်သန်းမောင်းနှင်ရေးအတွက် သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
သဘောတူညီခဲ့ပြီးနောက် ACE RIDE 2017 ဆိုင်ကယ်သမားအဖွဲ့ဟာ မေ ၂ ရက်နေ့က မြဝတီနယ်စပ်ဂိတ်ကို ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံသား ဆိုင်ကယ်သမား အယောက် ၄၀ တို့က မော်တော်ဆိုင်ကယ် ၂၈ စီးနဲ့ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပဲခူး၊ နေပြည်တော်၊ ဘားအံမြို့တွေကို ၃ ရက်ကြာ ဖြတ်သန်းမောင်းနှင်ပြီး မေ ၅ ရက်နေ့မှာ မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
ACE RIDE 2017 မော်တော်ဆိုင်ကယ်မောင်းနှင်ပွဲကို All Asia Exclusive Travels & Tours Co.Ltd ကုမ္ပဏီက စီစဉ်ဆောင်ရွက်တာဖြစ်ပြီး ၃ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ပဲခူးမြို့နယ် ဘောနတ်ကြီး အမြန်လမ်းမကြီးရဲစခန်းအပိုင်ကို ရောက်ရှိကာ မနက် ၁၀ နာရီ ၅ မိနစ်မှာ နေပြည်တော်ဘက် ဆက်လက်ထွက်ခွာလျှက်ခွာလာခဲ့ကြောင်းသိရပါတယ်။
၎ ရက်နေ့မနက် ၇ နာရီ ၁၅ လောက်မှာ နေပြည်တော်တိုးဂိတ်မှ ပြန်လည်ခွက်ခွာခဲ့ပြီး ဘောနတ်ကြီးကို မနက် ၁၀ နာရီလောက်ရောက်ရှိပြီးနောက် မြဝတီဘက် ဆက်လက်ထွက်ခွာသွားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲမှူးရုံးက ပြောပါတယ်။
ခရီးစဉ်နှင့်ပတ်သက်ပြီး ယာဉ်အန္တရယ်/လမ်းအန္တရယ် ကင်းရှင်းစေရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့