ရေးမြို့တွင် ကျောက်သားပြိုကျသဖြင့် လုပ်သား ၁ ဦးသေဆုံး
DVB
·
May 3, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ ၉ မိုင်ကျေးရွာအနီး ကျောက်ထုတ်လုပ်ရေးစခန်း တခုမှာ မေ ၂ ရက်နေ့ ညနေပိုင်းက ကျောက်သားပြိုကျမှုကြောင့် ကျောက်လုပ်သား ၁ဦး သေဆုံးခဲ့ပါတယ်။
မိုင်တိုင်အမှတ် ၁၁၁/၂ မိုင်နေရာနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြတ်သူရ ကျောက်ထုတ်လုပ်ရေးကုမ္ပဏီက မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နေ အသက် ၄၀ အရွယ်ရှိ ကျောက်လုပ်သား ကိုဇော်နိုင် သေဆုံးခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ကိုဇော်နိုင်ဟာ လုပ်ဖော်ကိုင်ဖက် နှစ်ဦးနဲ့အတူ ကျောက်ထုတ်လုပ်ဖို့ ကျောက်သား မြေသားကျ၊ မကျ သွားရောက်ကြည့်ရှုစဉ်မှာ ကျောက်သားတွေ ပြိုကျဖိမိခဲ့တာ ဖြစ်ကြောင်း၊ မေးအောက်စုတ်ပြဲဒဏ်ရာ၊ ဝဲယာနားတွေ သွေးထွက်ဒဏ်ရာ၊ ဝဲဘက်ဗိုက် ပေါက်ပြဲဒဏ်ရာတွေ ရရှိသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီသေဆုံးမှုနဲ့ပတ်သက်လို့ ရေးမြို့ ပြည်သူ့ဆေးရုံကို မှုခင်းဆေးစာ ရေးသားပေးပို့ခဲ့ပြီး ခေါဇာနယ်မြေရဲစခန်းက သေမှုသေခင်း အမှုဖွင့်ထားပါတယ်။
သတင်း - နေမျိုးထွဋ်