Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်တွင် မိုးသက်လေပြင်းကြောင့် လူနေအိမ်နှင့် နွေသီးနှံစိုက်ခင်းများပျက်စီး
Aung Ko Latt
·
May 3, 2017
  စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ကြခတ်ကျေးရွာမှာ မေ ၂ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့လေနဲ့မိုးကြောင့် လူနေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ နှမ်းစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။ လေဘေးဒဏ်ခံခဲ့ရတဲ့ ကြခတ်ရွာကို မေ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ တာဝန်ရှိသူတွေ သွားရောက်ခဲ့ပြီး ငွေကြေးနှင့် ပစ္စည်းအချို့ ထောက်ပံ့တာတွေ ပြုလုပ်ခဲ့ပါတယ်။ လေပြင်းဒဏ်ခံခဲ့ရတဲ့ ကြခတ်ရွာမှာ အိမ် ၅ လုံးက လုံးဝ ပြိုလဲ ပျက်စီးသွားခဲ့ပြီး နောက်ထပ် ၄၃ လုံးကတော့ သစ်ကိုင်းပိတာ၊ အမိုးလန်တာတွေ ရှိခဲ့သလို ဘုန်းကြီးကျောင်း ၃ ကျောင်းလည်း အမိုးလန်ပျက်စီးခဲ့ပါတယ်။ ဘုရားတဆူကတော့ ဖောင်းရစ်အထက်က ပြတ်ကျသွားခဲ့ပါတယ်။ နွေသီးနှံစိုက်ပျိုးထားတဲ့ နှမ်းခင်းတွေနှင့် စပါးခင်းတွေလည်း ပျက်စီးခဲ့ပြီး သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်နေကာ ခန့်မှန်းဧက ၃၀၀ ခန့် ပျက်စီးနိုင်တယ်လို့ သိရပါတယ်။ “ပျက်စီးသွားတဲ့ အိမ် ၅လုံးအတွက် ၁ အိမ် ၁ သိန်းနှုန်းနဲ့ ၅ သိန်းကျပ်၊ ကျန်တဲ့ အနည်းငယ် ပျက်စီးတဲ့ အိမ်တွေအတွက် ပျက်စီးမှုပေါ် မူတည်ပြီး ၃၀၀၀၀ ကျပ်၊ ၇၀၀၀၀ ကျပ် စသဖြင့် ၁၃ သိန်း ၆ သောင်းကျပ်၊ စုစုပေါင်း ၁၈ သိန်း ၆ သောင်းကျပ်ကို ကနဦးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပြီး ပြည်ထဲရေးက လုံးဝပျက်စီးသွားတဲ့ အိမ် ၅ လုံးအတွက် သွပ် ၁၀ ချပ်စီ ထောက်ပံ့ခဲ့သလို တိုင်း လူကယ်ပြန်ကလည်း အဝတ်အစားတွေ ထောက်ပံ့ခဲ့တယ်” လို့ ဒီပဲယင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ သီးနှံပျက်စီးမှုကိုတေ့ သေချာစွာ စစ်ဆေးစာရင်းကောက်ယူပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကတဆင့် ပြည်ထောင်စုအစိုးရကို တင်ပြပေးသွားမယ်လို့ ဆိုပါတယ်။ မုံရွာမြို့နယ်မှာလည်း ရွှေတမာ၊ ဆူးလေကုန်း၊ မအူ၊ ထနောင်းတော၊ ကိုးရှင်းကျွန်း စတဲ့ ကျေးရွာတွေမှာလည်း လူနေအိမ်၊ နွားစာတဲ၊ ဘုန်းကြီးကျောင်းတွေ ပျက်စီးမှုရှိခဲ့ပါသေးတယ်။ ကနီမြို့နယ်မှာတော့ အဆောက်အအုံ ၇၀ ကျော် အမိုးလန် ပျက်စီးခဲ့ပါတယ်။ ဆုံရှုံးမှုတွေနဲ့ပတ်သက်ပြီး လတ်တလော ထောက်ပံ့တာတွေ ပြုလုပ်နေသလို ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေရရှိဖို့လည်း လိုအပ်နေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024