မြန်မာစစ်သည်များ၏ ချပ်ဝတ်တန်ဆာကို အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်နိုင်အောင်လုပ်မည်
DVB
·
May 3, 2017
မြန်မာ့တပ်မတော်စစ်သည်တွေ အသုံးပြုနေတဲ့ ချပ်ဝတ်တန်ဆာတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူ ယှဉ်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့မေးမြန်းချက်ကို ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် စိုးနိုင်ဦးတို့က ပြောကြားသွားတာပါ။
နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက နည်းပါးတဲ့အကြောင်း စစ်လက်နက်ပစ္စည်းတွေ ဖြည့်ဆည်းရာမှာ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့လည်း ကြိုးစားဆောင်ရွက်နေတဲ့အပြင် သက်ဆိုင်ရာ ခြေလျင် တပ်ရင်းမှူးတွေ အနေနဲ့ တိုက်ဖော်တိုက်ဖက် စစ်သည်တွေအတွက် သက်သာချောင်ချိရေးကို အမြဲဦးစားပေး ဆောင်ရွက်ပေးပါကြောင်း၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ စီးပွားရေးအင်အား ဖွံ့ဖြိုးတိုးတက်ပါက မိမိတို့ စစ်သည်တွေရဲ့ ချပ်ဝတ်တန်ဆာတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူယှဉ် နိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ပြောပါတယ်။
၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှာ မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ အဆင့်အတန်းမီ တပ်မတော်တခုအဖြစ် ရည်ရွယ်ဆောင်ရွက်နေတဲ့အကြောင်း အရင်က ပြည်တွင်းသောင်းကျန်းမှုကို အဓိကထားဆောင်ရွက်နေရာကနေ ပြီးပြည့်စုံတဲ့ ပြည်ပရန် ကာကွယ်ရေးအတွက် စဉ်းစားပြီး အဘက်ဘက်မှ ပြုပြင်ပြောင်းလဲရေးတွေကို ဆောင်ရွက်နေ တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေကိုပဲ ဆောင်ရွက်တာ ဖြစ်ပြီး တပ်မတော်က ချမှတ် ပေးထားတဲ့ မူဝါဒတွေကိုလည်း ပူးပေါင်းဆောင်ရွက်တာရှိတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးက ပြောသွားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ဝန်ကြီးဌာနတွေမှာလည်း တပ်မတော်က အမြဲ ကူညီပေးနေပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဓိကတာဝန်က စစ်ဖက်၊ အရပ်ဖက်နဲ့ နိုင်ငံတကာ ဆက်ဆံရေး ဖြစ်တယ်လို့ ပြောပါတယ်။