အများပိုင်မြေကို လျှပ်စစ်ဌာနပိုင်အဖြစ်ပြောင်းလဲမှု မိတ္ထီလာ စက်မှုဇုန်ပြည်သူများ ဆန္ဒပြ
DVB
·
May 3, 2017
မိတ္ထီလာမြို့မှာ စက်မှုဇုန်လုပ်ငန်းရှင်တွေ ကိုယ့်အားကိုယ်ကိုး စုဆောင်းငွေနဲ့ ပိုင်ဆိုင်တဲ့ လျှပ်စစ်ထရန်စဖော်မာထားတဲ့ ဧကဝက်မြေကွက်ကို လျှပ်စစ်ဌာနပိုင်အဖြစ် မြေငှား ဂရန်ဖောက်လိုက်တဲ့ အတွက် စက်မှုဇုန်နေပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့မနက် ၁၀ နာရီက ၁၂ နာရီအထိ လူ ၂၀၀ ကျော်လောက်က ကား ၁၂ စီးနဲ့ မိတ္ထီလာကို သွားရောက်ဆန္ဒထုတ်ဖော်တယ်လို့ မိတ္ထီလာစက်မှုဇုန် ဥက္ကဋ္ဌ ဦးဇော်ဦးက ပြောပါတယ်။
“ပေးခြင်းပေးရင် ဆေးခန်း၊ ရဲစခန်း၊ မီးသတ်ကို ပေးချင်တယ်။ လျှပ်စစ်ကိုတော့ မပေးချင်ဘူး။ ၁ လပိုင်းတုန်းက အဲဒီဝင်းထဲမှာရှိတဲ့ အဆောက်အဦကို ဖျက်တယ်။ တရားရုံး ဦးတိုက်လျှောက် တရားစွဲတယ်။ ၄ လပိုင်း ၂၃ ရက် သမ္မတနဲ့ သက်ဆိုင်ရာတွေကို စာတင်တယ်။ ဘာမှ လုပ်မပေးသေးဘူး။ ဒါကြောင့် အများသိလာအောင် ဆန္ဒပြတာပါ”
‘ပြည်သူကို အနိုင်ကျင့်တဲ့ လျှပ်စစ်လူကြီးများ အလိုမရှိ’၊ ‘စက်မှုဇုန် လူထုပိုင် မြေနေရာကို လူထုမသိဘဲ ဂရန်ဖောက်ထားမှု အမြန်ဆုံး ပယ်ဖျက်ပေးရေး တို့အရေး’၊ ‘ပြည်ထောင်စုရန်ပုံငွေ အလွဲသုံးစာမှု လျှပ်စစ်အား အရေးယူပေး’ စတဲ့ ကြွေးကြော်သံတွေနဲ့ ဗီနိုင်းပိုစတာတွေကိုင်ဆောင်ကာ နဂါးရုံဘုရား ဗိုလ်ချုပ်ကြေးရုပ်မှ တံတားဖြတ်ပြီး မြိ့နယ်လျှပ်စစ်ရုံးရှိရာ ပန်းခြံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
သတင်း - မောင်မောင်လင်းဝမ်းတွင်း