A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ဖမ်းမိခဲ့သည့် မူးယစ်ဂိုဏ်းခေါင်းဆောင်တဦးကို အမေရိကန်လွှဲပြောင်းရန် စီစဉ်

ဓာတ်ပုံ - အေအက်ဖ်ပီ
မေလ ၂ ရက်နေ့က မက္ကဆီကိုနိုင်ငံ ဆီနာလိုအာပြည်နယ်မှာ လုံခြုံရေးအရာရှိတွေ ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ရာဇာ ၁ ဦးကို အမေရိကန်ကို လွှဲပြောင်းပေးအပ်ဖို့ ရှိတယ်လို့ မက္ကဆီကိုမြို့တော် အာဏာပိုင်တွေက ပြောပါတယ်။ မူးယစ်ရာဇာ ဒါမာဆို လိုပက်ဇ်ကို စစ်တပ်နဲ့ပေါင်းပြီး ဖမ်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောလိုက်တာပါ။ သူဟာ ကမ္ဘာ့ထိပ်သီး မူးယစ်ရာဇာ စာရင်းဝင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မူးယစ်ရာဇာ အယ်ချာပိုကို အမေရိကန် လွှဲပြောင်းပေးပြီးနောက်ပိုင်းတည်းက သူ့ရဲ့အခြေအနေက မတည်ငြိမ်တော့တာပါ။ ဒါမာဆိုလိုပက်ဇ်ဟာ သူ့ရဲ့ဆရာဖြစ်တဲ့ အယ်ချာပိုရဲ့ သားတွေနဲ့ အပြိုင် စီနာလိုအာ မူးယစ်ဂိုဏ်းကို ခက်ခက်ခဲခဲ ထိန်းချုပ်နေခဲ့ရတယ်လို့ ရဲတွေက ယူဆထားပါတယ်။ မက္ကဆီကိုမြို့တော်ရဲ့ စားသောက်ဆိုင်တဆိုင်မှာ စားနေတဲ့ ဗွီဒီယိုပေါ်ထွက်လာပြီး နောက်ပိုင်း ဘွဲ့ရလို့ နာမည်ပြောင်သမုတ်ထားတဲ့ ဒါမာဆို လိုပက်ဇ်ကို မေ ၂ ရက်နေ့ အစောပိုင်းက မက္ကဆီကိုရဲ့ လူလတ်တန်းစားရပ်ကွက်တခုမှာ ဖမ်းဆီးမိခဲ့တာပါ။ လိုပက်ဇ်ဟာ မက္ကဆီကိုနိုင်ငံ လုံခြုံရေးဝန်ထမ်းဟောင်းတဦးဖြစ်ပြီး အယ်ချာပိုကို ၂၀၀၁ ခုနှစ် ဖမ်းဆီးမိခဲ့စဉ်က ပြန်လည်လွတ်မြောက်အောင် စီစဉ်ပေးခဲ့သူတဦး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူဟာလည်း အယ်လ်ချာပိုလိုပဲ မူးယစ်ဂိုဏ်းလုပ်ရပ်တွေအတွက် အမေရိကန်မှာ အပြစ်ဒဏ်ခံရဖို့ ရှိတယ်လို့ သိရပါတယ်။ အယ်ချာပို နောက်ဆုံးအဖမ်းခံရတာဟာ သူ့ရဲ့သားတွေနဲ့ လိုပက်ဇ်တို့ကြားမှာ နေ့ခင်းဘက် တိုက်ပွဲတွေဖြစ်ကြတဲ့အထိ အခက်အခဲတွေ ဖြစ်စေခဲ့တယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up