Home
မြန်မာသတင်း
တပ်မတော်ကို ကလေးစစ်သားအသုံးပြုသည့်စာရင်းက ပယ်ဖျက်ခွင့်ရရန် ဆောင်ရွက်နေ
နေဖြိုးဝင်း
·
May 3, 2017
  မြန်မာ့တပ်မတော်ကို ကလေးစစ်သားအသုံးပြုတဲ့ စာရင်းက ပယ်ဖျက်ခွင့်ရဖို့အတွက် ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။ မေလ ၂ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ တနှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့ အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောတာပါ။ မြန်မာ့တပ်မတော်အနေနဲ့ အရွယ်မရောက်သေးသူ ကလေးငယ်တွေ စစ်မှုထမ်းခြင်းက ကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့ CTFMR (မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာတင်ပြရေး လုပ်ငန်းအဖွဲ့)နဲ့ ပူးပေါင်းပြီး Plan of Action စာချုပ်လက်မှတ်ရေးထိုးကာ စာချုပ်အတိုင်း တိတိကျကျ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ “အကြောင်းအမျိုးမျိုးကြောင့် မှားယွင်း စုဆောင်းခံရသူတွေကို စစ်မှုထမ်းဆောင်နေတာကနေ လုံးဝမရှိစေရေး ဖော်ထုတ်နေပြီး မြန်မာ့တပ်မတော်ကို ကလေးစစ်သား အသုံးပြုတဲ့စာရင်းက ပယ်ဖျက်ခွင့်ရရှိရေး CTFMR နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။ တပ်မတော်ထဲကို အသက် ၁၈ နှစ် မပြည့်သေးတဲ့ စစ်သည်တွေကို နည်းလမ်းမမှန်ဘဲ မှားယွင်းစုခဲ့တဲ့ အရာရှိ ၈ ဦး၊ အခြားအဆင့် ၁၂ ဦး၊ စုစုပေါင်း ၂၀ ဦးကို စစ်စည်းကမ်းအရ အရေးယူခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလထဲမှာ တပ်မတော်ကို ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးကြောင်း စိစစ်တွေ့ရှိတဲ့ စစ်သည် ၆၆ ဦးကို လုပ်ထုံးလုပ်နည်းနဲ့အညီ နုတ်ထွက်ခွင့် ပြုခဲ့တယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024