Home
မြန်မာသတင်း
ထိုင်းနိုင်ငံထဲ ပွဲစားဖြင့် ၀င်ရောက်လာသည့် မြန်မာ ၃၄ ဦး ဖမ်းဆီးခံရ
နန်းမြနဒီ
·
May 3, 2017
  ပြီးခဲ့တဲ့ မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့က ထိုင်းနိုင်ငံထဲကို ပွဲစားအဆက်အသွယ်နဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၄ ဦးကို ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်း မှာ ဖော်ပြပါတယ်။ တာ့ခ်ခရိုင် မဲဆောက်မြို့ကနေ ဘန်ကောက်ကို တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေဟာ နခွန်းဆ၀မ် - ကမ်ဖိုင်ဖစ် ကြားက ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် ဘတ်စ်ကားတစီးပေါ်ကနေ သူတို့ကို ဖမ်းဆီးရမိခဲ့တာလို့ နခွန်းဆ၀မ်မြို့နယ်ရဲစခန်း တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါဘတ်စ်ကားဟာ နခွန်းရာ့ခ်ျဆီမားနဲ့ ဘန်ကောက်ကို ပြေးဆွဲနေတာဖြစ်ပြီး ကားပေါ်မှာ လူပေါင်း ၄၅ ဦး ပါလာကြောင်း၊ မှတ်ပုံတင်အထောက်အထားတွေ စစ်ဆေးရာမှတော့ ထိုင်းမှတ်ပုံတင်ရှိသူမှာ ကားမောင်းသမားတဦးတည်းသာရှိပြီး ကျန်သူအားလုံး မြန်မာနိုင်ငံသားတွေ ချည်းဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကို ဆက်လက်စစ်ဆေးရာမှာ ပန်းရောင်နေထိုင်ခွင့်ကတ်နဲ့ မှန်ကန်တဲ့ အထောက်အထားရှိသူ ၁၀ ဦးသာရှိပြီး ကျန်တဲ့ ၃၄ ဦးမှာ တရားမ၀င် ၀င်ရောက်လာသူတွေလို့ ဆိုပါတယ်။ အဆိုပါ ၃၄ ဦးမှာ အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၁၆ ဦးတို့ဖြစ်ပြီး ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ မဲဆောက်ကနေ ပွဲစားအဆက်အသွယ်နဲ့ လာခဲ့တာဖြစ်ကြောင်း၊ ပွဲစားခ တဦးကို ဘတ် ၉ ထောင် မှ ၁ သောင်းထိ ပေးရတယ်လို့ ပြောပါတယ်။ သူတို့အားလုံးကို ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူပြီးရင် မူရင်းနိုင်ငံ ပြန်ပို့မှာဖြစ်သလို ပွဲစားကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ တာဝန်ကျ ရဲဝန်ထမ်းက ပြောသွားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024