Home
မြန်မာသတင်း
နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ အဖွားအို ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး
နန်းမြနဒီ
·
May 2, 2017
  ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ထဲမှာ ဒီကနေ့ မနက်ကနေ ညနေပိုင်းထိ တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီ လက်နက်ကြီးကျည်တွေ ရွာထဲကိုပါ ကျသွားတာကြောင့် အဖွားအို ၁ ဦး သေဆုံး သွားတယ်လို့  တအောင်းတပ်(တီအန်အယ်လ်အေ)ဘက်က ပြောပါတယ်။ မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ နမ့်ခမ်းဘက်ကနေ သူတို့ရှိတဲ့ ကောင်းခေရွာနဲ့ ပန်စံရွာကြား တောအုပ်ထဲ လာရောက်ပစ်ခတ်ရာက ဒီကနေ့မနက် ဆယ်နာရီ လောက်ကနေ  မွန်းလွဲ ၂ နာရီခွဲထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့  ပြန်ကြားရေးတာဝန်ခံ တာ့အိုက်ကျော်က ပြောပါတယ်။ “တပ်မ ၈၈ က မနေ့ကတည်းက နမ့်ခမ်းကနေ ကျနော်တို့ နေတဲ့ဘက်ကို လိုက်လာလို့ ၂ ဘက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး နာရီဝက်လောက်မှာတော့ နမ့်ခမ်းမြို့ အထက်နားမှာရှိတဲ့  အစိုးရတပ်စခန်းကနေ ပန်စံရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တယ် တော်တော်လေးများ ပါတယ်။ သူတို့လက်နက်ကျည်တွေက ၅ မိုင် ကနေ ၇ မိုင် အကွာ ထိရောက်တယ်။ ကောင်းခေရွာ၊ ပန်စံရွာ၊ နမ့်ဟွမ်ရွာနားတ၀ိုက် လက်နက်ကြီးကျတယ်။ အဲဒီ ပတ်ပတ်လည်ပဲ။ အဲဒီ ပန်စံရွာမှာ နေအိမ်တလုံးထိပြီး အိမ်ထဲမှာရှိတဲ့ အသက် ၈၀ ကျော် အဖွားတယောက်ကို ထိပြီး သေဆုံးသွားတယ်လို့ လောလောဆယ် အဲဒီသတင်းရတယ်။ သူ့နာမည်က ယာ့လိုင်းလို့ခေါ်တယ်၊ အသေးစိပ်တော့ မသိရဘူး။ တခြား ထိခိုက်မှုတွေလည်း မသိရသေးဘူး။” မွန်းလွဲ ၂ နာရီခွဲလောက်မှာ တိုက်ပွဲပြီးဆုံးသွားပေမယ့် ၃ နာရီ ၁၅ မိနစ်လောက်မှာတော့ မြန်မာ့တပ်မတော်ဘက်က ရဟတ်ယာဉ် ၃ စီးရောက်လာပြီး  အဆိုပါကျေးရွာဝန်းကျင်တ၀ိုက်ကို လာရောက်ပစ်ခတ်သွားတယ်လို့လည်း တာ့အိုက်ကျော်က ပြောပါတယ်။ နမ့်ခမ်းမြို့ တဲန်မရပ်ကွက်တွင်းနေထိုင်သူ ဒေသခံတဦးကလည်း ဒီကနေ့မနက် ဆယ်နာရီ ကျော်ကနေ ပစ်ခတ်သံတွေ အတိုင်းသားကြားရသလို ယမ်းငွေ့တွေပါ လှမ်းမြင်နေရတယ်လို့ ဒီဗွီဘီကို ခုလိုပြောပါတယ်။ “ဒီမနက် ၁၁ နာရီလောက်ကစပြီး ကျနော်တို့မြို့ရဲ့ အရှေ့တောင်ဘက် ၄-၅ မိုင်အကွာ ကောင်းခေရွာဘက်မှာ သေနတ်သံတွေစပြီးတော့ ကြားတယ်ခင်ဗျ။ ညနေ ၃ နာရီကျော်ကျတော့ နမ့်ခမ်းမှာရှိတဲ့အစိုးရတပ်စခန်းကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ပြီးတော့ လေယာဉ် ၂ စီးလာတာ တွေ့တယ်။ အဲဒီရွာတွေက ပလောင်ရွာတွေလေ၊ တီအန်အယ်လ်အေက သွားနေတော့ ရွာတွေပါ အပစ်ခံရတာပေါ့။” ညနေ ၃ နာရီခွဲလောက်မှာ အသံတွေအားလုံး ငြိမ်သက်သွားပေမယ့်  မြို့သူမြို့သားတွေကတော့ စိုးရိမ်စိတ်ရှိနေသေးကြောင်း၊ တကယ်လို့ တီအန်အယ်လ်အေတွေ မြို့ထဲလာပြီးခိုလှုံလို့ တပ်မတော်က ချေမှုန်းရင် မုံးကိုးလို အခြေအနေရောက်သွားမှာ စိုးရိမ်တယ်လို့ ဒေသခံက ပြောသွားပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်တာတော့ မတွေ့သေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024