တောင်ငူတွင် လုယက် လူသတ်မှုဖြစ်ပွား
DVB
·
May 2, 2017
တောင်ငူမြို့မှာ မနေ့ညက နာရီပိုင်းအတွင်း လုယက်မှု ၂ မှုဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။
အမြန်လမ်းမကြီးနဲ့ချိတ်တဲ့ ထီးလှိုင်ကွန်ကရစ်လမ်းမှာ ည ၈ နာရီခွဲလောက်က ဖြစ်ပွားတဲ့ လုယက်မှုမှာ အမျိုးသားတဦး သေဆုံးခဲ့တာပါ။ အဲဒီ လုယက်မှုမှာ စတီဗင်ဆင် ဆိုသူနဲ့ အမျိုးသမီးတဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို သန်းနိုင်ဆီဆိုင်အနားအရောက်မှာ လူ ၂ ဦးက တားကြောင်း၊ ဒီနောက် စတီဗင်ဆင်ကို လမ်းကြားထဲကို ဓားထောက် ခေါ်ဆောင်ပြီး ဓားနဲ့ ထိုးသတ်ကာ ဆိုင်ကယ်နဲ့ ဖုန်းကို ယူဆောင်သွားတာဖြစ်ကြောင်း အမှတ် (၂) နယ်မြေရဲစခန်းမှူးက ပြောပါတယ်။
ဓားဒဏ်ရာရခဲ့တဲ့ စတီဗင်ဆင်ကို တောင်ငူဆေးရုံကြီးကို ပို့ဆောင်ကုသပေမယ့် သေဆုံးခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရဲက ပုဒ်မ ၃၉၄ (လုယက်မှု)၊ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု) တွေနဲ့ အမှုဖွင့်ထားပါတယ်။
ဒီလုယက်လူသေမှု မဖြစ်ခင် ည ၇ နာရီဝန်းကျင်ကလည်း တောင်ငူ၊ မင်းကြီးညိုရပ်ကွက်၊ အင်းဝလမ်းနဲ့ နန္ဒကျော်ထင်လမ်းထောင့်မှာ တကြိမ် လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတဦးရဲ့လက်မှာ ကိုင်ဆောင်လာတဲ့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်နဲ့ လူတဦးက လုယူသွားတာဖြစ်ပြီး အမျိုးသမီးရဲ့ လက်ကိုင်ဖုန်းတလုံးနဲ့ ပိုက်ဆံ ၂ သိန်းကျော် ဆုံးရှုံးနစ်နာခဲ့ပါတယ်။
သတင်း - သားကြီး(တောင်ငူ)