Home
မြန်မာသတင်း
ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်တရားရုံးထုတ်
DVB
·
January 26, 2012
ပဒိုမန်း​ငြိမ်း​မောင်
အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို ဒီကနေ့ အင်းစိန်ထောင် အထူး တရားရုံးကနေ ရုံးထုတ်စစ်ဆေးတယ်လို့ သိရပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ တရားစွဲ ထောင်ဒဏ် ချမှတ်ခံထားရတာ ရက်ပြည့်သွားပြီ ဖြစ်ပေမယ့် ကေအန်ယူရဲ့ ဗဟိုကော်မတီတဦး ဖြစ်တဲ့အတွက် မတရားအသင်းမှာ ပါဝင်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်ပုန်ကန်မှု ၁၂၂-၁ နဲ့ တရားဆက်လက် စွဲဆိုထားပြီး ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးကြားနာတယ်လို့  သူ့ရဲ့ ဥပဒေအကျိုးဆောင် ဦးကြီးမြင့်က ပြောပါတယ်။ အမှု ကြားနာစဉ်မှာ ပဒိုမန်းငြိမ်းမောင်ဟာ​ ​မြန်မာအစိုးရနဲ့​ ​ကေအန်ယူအကြား တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်အောင် နည်းလမ်းရှာ  ကြိုးပမ်းခဲ့သူ တဦးအဖြစ် တရားရုံးမှာ လျှောက်လွှဲချက် ပေးခဲ့တယ်လို့ ဥပဒေအကျိုးဆောင် ဦးကြီးမြင့်က ပြောပါတယ်။ “သူက ငြိမ်းချမ်းရေးကို ခင်ဗျားတို့ ဘယ်လို လိုချင်လဲ။ ကေအန်ယူကတော့ ဘာတွေ လိုလားတယ်။ အဲဒီ လိုလားချက်တွေ ရအောင် ခင်ဗျားတို့ဘက်က ကောင်းမွန်တဲ့​ ​စေတနာတွေ ဘယ်လိုအချက်တွေ ပြဖို့လိုတယ်။ အဲဒါဆိုရင် ဘယ်သူတွေနဲ့ ဆက်သွယ်ပြီးတော့ ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းဆိုပြီး သူက ဆရာတော် တပါးကို ညွှန်လိုက်တယ်ဗျ။ အဲဒီဆရာတော်ကလည်း သိက္ခာ သမာဓိ ရှိတဲ့သူ ဖြစ်ရမယ်။ နှစ်ဖက်ကလည်း ယုံကြည်ရမယ်။ အဲဒီ သမာဓိရှိတဲ့ အကျိုးဆောင်မျိုး ကြားကလိုတယ်။ အဲဒီ အကျိုးဆောင်ဆိုရင် တောင်ကလေးဆရာတော် ဆိုလားပဲ သူ့အကူအညီနဲ့ ခင်ဗျားတို့ ဆက်လုပ်ကြလို့ ပြောလိုက်တဲ့ အခါ အဲဒီ ဆရာတော်ကိုလည်း ဆက်တယ်တဲ့။ အဲဒီ ဆရာတော်နဲ့ တွဲရိုက်ထားတာ ဓာတ်ပုံတွေ ပဒို ဒေဗစ်ထောရယ်၊ ဦးအောင်မင်းရယ် အဲဒီ ဆရာတော်ရယ် တွဲရိုက် ဓာတ်ပုံတွေလည်း ဂျာနယ်တွေမှာပါနေပြီ။ အဲဒီ ဆရာတော်ကိုလည်း မဟာသတ္တမ ဇော်တိက ဘွဲ့ ပေးလိုက်တယ်။ အကျိုးဆောင်ချင်း အတူတူ သူ့ကျတော့ ဘွဲ့ပေးတယ်။ ကျနော့်ကျတော့ ထောင်ထဲ ဒီပုဒ်မနဲ့ တရားစွဲတယ်ဗျာတဲ့။  သူက အဲဒီလို ပြောတယ်။” အမှုကို လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထပ်မံ ကြားနာစစ်ဆေးဖို့ ရှိနေပါတယ်။ တရားရုံးကနေ ပဒိုမန်းငြိမ်းမောင်ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ပုဒ်မ ၁၇ (၁) အတွက် ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိ ပြစ်ဒဏ်ကျခံ နိုင်ပြီးတော့ ပုဒ်မ ၁၂၂-၁ အတွက်လည်း သေဒဏ်တကျွန်း​ ကျခံနိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024