ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲအတွက် တပ်မတော်က ကျပ်သိန်း ၃၀၀၀ ပံ့ပိုး

857
မေလ ၂ ရက်မှာ စတင်မယ့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲအတွက် တပ်မတော် ကြည်း၊ ရေ၊ လေက ကျပ်သိန်း ၃၀၀၀ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို မေလ ၁ ရက်က ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစန်းဦးက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ ကျပ်သိန်း ၃၀၀၀ ပေးအပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲမှာ တပ်မတော်အသင်းက ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ကြောင်းနဲ့ မြန်မာ့ဘောလုံး လောကအတွက်လည်း တပ်မတော်ကနေ ကစားသမားကောင်းတွေ မွေးထုတ်ခဲ့တယ်လို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစန်းဦးက ပြောပါတယ်။
တပ်မတော်အနေနဲ့ မြန်မာဘောလုံးလောကအတွက် အစဉ်တစိုက် ကူညီပေးမှုတွေ ရှိခဲ့ပြီး ဒီပြိုင်ပွဲမှာလည်း ပံ့ပိုးကူညီပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာ မြန်မာနေရှင်နယ်လိဂ် ကလပ် ၁၂ သင်းနဲ့ လိဂ် ၂ ကလပ် ၁၀ သင်း စုစုပေါင်း ၂၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
ပထမအဆင့်ပွဲစဉ် ၆ ပွဲကို လာမယ့်မေလ ၂ ရက်၊ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ဒ်ီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်မယ့်အသင်း ၄ သင်းကို ဆုကြေးကျပ် ၇၅ သိန်းစီ ချီးမြှင့်မှာဖြစ်ပြီး ချန်ပီယံဖြစ်တဲ့အသင်းကို ကျပ်သိန်း ၃၀၀၊ ဒုတိယရတဲ့အသင်းကို ကျပ်သိန်း ၁၅၀ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်