A d v e r t i s e m e n t With Us

အာဂျင်တီးနားရယ်လီ ကားမောင်းပြိုင်ပွဲတွင် စက္ကန့်အနည်းငယ် အသာစီးဖြင့် နူဗီးလ် အနိုင်ရ (ရုပ်သံ)

ဘယ်လ်ဂျီယံပြိုင်ကားမောင်းသမား ထယယ်ရီးနူဗီးလ် (Thierry Neuville) ဟာ ဧပြီလ ၃၀ ရက်နေ့က ယှဉ်ပြိုင်တဲ့ အာဂျင်တီးနားရယ်လီ ကားမောင်းပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရရေးအတွက် အရေးတကြီး ယှဉ်ပြိုင်နေရချိန် တံတားတခုပေါ်မှာ ဗြိတိန်က ပြိုင်ကားသမား အယ်ဖင် အက်ဗန် (Elfyn Evans) ရဲ့ အမှားသေးသေးလေးတခုကြောင့် နူဗီးလ်က အခုလို အနိုင်ရသွားတာလို့ သိရပါတယ်။ အဲဒီနေ့ရဲ့ ပြိုင်ပွဲအစမှာ ဗြိတိန်ပြိုင်ကားသမား အက်ဗန်က အခုအနိုင်ရသွားတဲ့ ဘယ်လ်ဂျီယံ ပြိုင်ကားသမား နူဗီးလ်ကို စက္ကန့်ဝက်လောက် အသာစီးရထားတာပါ။ အဲဒီနေ့ ပြိုင်ပွဲစစချင်း ပထမတပတ် ပတ်ပြီးချိန်မှာ အက်ဗန်က နူဗီးလ်ကို ၃ စက္ကန့် အသားစီး ထပ်ရခဲ့ပါတယ်။ အနိုင်ရဖို့ အလွန်နီးကပ်နေတဲ့ အခြေအနေကနေ တံတားပေါ်က စိတ်နာစရာ အမှားကြောင့် ၀ ဒသမ ၇ စက္ကန့် နောက်ကျပန်းဝင်ပြီး ပထမနေရာကို လက်လွှတ်ခဲ့ရတာပါ။ ပထမဆုရရှိခဲ့တဲ့ နူဗီးလ်က “တကယ်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီလိုအနိုင်ရဖို့ ကျနော်တို့ တော်တော်ကြိုးစားခဲ့ပါတယ်။ နည်းနည်းလေး ကပ်ပြီး နိုင်ခဲ့တာပါ။ အက်ဗန်လည်း တော်တော်ကောင်းပါတယ်။ သူ့ကားက တာယာတွေလည်း တော်တော်ကောင်းတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ကျနော်တို့ အမီလိုက်နိုင်ခဲ့တယ်။ ကျနော့်ကားကို အကောင်းဆုံး ပြင်ဆင်ပေးခဲ့ကြတဲ့ အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့ ကြိုးကြိုးစားစား လုပ်ခဲ့လို့ အခုအနိုင်ရခဲ့တာပါ” လို့ ပြောပါတယ်။ အဲဒီပြိုင်ပွဲမှာ အက်စ်တိုနီးယားနိုင်ငံသား အွိုက်တာ့နာ့ခ်က နူဗီးလ်ရဲ့ ပန်းဝင်ချိန်ထက် စက္ကန့် ၃၀ နောက်ကျပြီး တတိယနေရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up